ဗန်ကောက်၊ ဩဂုတ် ၆
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Reception Room ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ–ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား အပြန်အလှန်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံအစိုးရအိမ်တော် Outer Ivory Room ရှိ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Queen Sirikit ၏ ပုံတူပန်းချီကားအား အလေးအမြတ်ပြုခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အစိုးရအိမ်တော် Inner Ivory Room ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်ပေးအပ်ခဲ့သည့် အမှတ်တရလက်ဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုခဲ့သည်။
