ရန်ကုန်၊ ဩဂုတ် ၄
အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး – ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး – ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ဝင်းနိုင်ထွန်း၊ သန်းပိုင်နှင့် ဟိန်းထက်အောင်တို့က ၁ ဂိုးစီ ထပ်မံသွင်းယူခဲ့ကြသည်။ ပထမပိုင်း ပွဲချိန်အတွင်း မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို လွင်မိုးအောင်က စတင်သွင်းယူပေးခဲ့ပြီးနောက် ဝင်းနိုင်ထွန်းက ၂ ဂိုးနှင့် မောင်မောင်လွင်က ၁ ဂိုးစီ အသီးသီးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အုပ်စုမှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန်အတွက် ယခုပွဲစဉ်တွင် ဂိုးပြတ် အနိုင်ရရှိရန် လိုအပ်ခဲ့ရာမှ ယခုကဲ့သို့ ဂိုးကွာခြားချက် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် မြင့်မားသွားခဲ့သည်။
နှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၄ AFF ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ၃ ဂိုး – ၂ ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။ တစ်ဖက်တွင် လာအိုအသင်းသည် အုပ်စုပွဲစဉ်များ၌ ထိုင်းအသင်းကို ၅ – ၀ ၊ မလေးရှားအသင်းကို ၄ – ၀ ၊ ဖိလစ်ပိုင်အသင်းကို ၄ – ၁ ရလဒ်များဖြင့် ၃ ပွဲဆက်တိုက် ဂိုးပြတ် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ဖြစ်သည်။
