နေပြည်တော်၊ ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂) ဓာတ်အားလိုင်းတစ်လျှောက် အသေးစိတ်စစ်ဆေးခဲ့ရာ တာဝါတိုင် ၅ တိုင်တွင် Jumper ကြိုးများ လွန်းဖွာနေခြင်း၊ ကြွေသီးတွဲများ ကွဲအက်နေခြင်းနှင့် Arching Horn များ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဓာတ်အားစနစ် တည်ငြိမ်မှု မြှင့်တင်နိုင်ရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများကို ကာကွယ်နိုင်ရန်အတွက် အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ (၂၀၂၆ ခုနှစ် ဩဂုတ် ၂ ရက်) နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေသည့် အချိန်ကာလအတွင်း ရေပေါင်းဆုံနှင့် ယင်းမာပင်မြို့နယ်များ၌ ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
