ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် ခမ်းပါတ်မြို့၌ အစိုးရယန္တရားများပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ် ၁ ရက်နေ့လည်ပိုင်းက ခမ်းပါတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများအင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်း(၃၅)ဦး၊ မှီခို(၂)ဦးတို့သည် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူရောက်ရှိလာရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံများကကြိုဆိုခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားချိန်က မြို့မှယာယီစွန့်ခွာသွားခဲ့ကြသော ခမ်းပါတ်မြို့ဒေသခံများသည်လည်းနေရပ်သို့ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။
