နေပြည်တော်၊ ဇူလိုင် ၂၁
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က မန္တလေးရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်း (၄) ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပယ်ပုံတော်ဝင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော် တံခါးနီမြို့ရိုးအား ထိန်းသိမ်းခြင်းနှင့် ယာယီအမိုးဆောက်လုပ်ခြင်း၊ ရွှေနန်းတော်ကျောင်းရှိ အရောင်မှေးမှိန်နေသည့် တိုင် (၈) လုံးကို သန့်စင်ထိန်းသိမ်း၍ ပြန်လည်ရွှေချခြင်းနှင့် မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်၏ ထုပိကာနှင့် ပန်းဆွဲများကို ပြုပြင်ထိန်းသိမ်းခြင်း တို့ဖြစ်ကြောင်း သိရသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့် ရှေးဟောင်းအဆောက်အအုံများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသူများ ဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တင်ဒါလျှောက်လွှာများကို ဇူလိုင် ၁၆ ရက်မှ စတင်ရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ရုံး၊ (၂၈)လမ်းနှင့် လမ်း(၇၀)ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါဖွင့်လှစ်မည့် ရက်စွဲနှင့် နေရာကို ထပ်မံကြေညာသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စီမံ/ဘဏ္ဍာဌာနစုသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း အိတ်ဖွင့်တင်ဒါခေါ်ယူရေးကော်မတီက အသိပေးထားသည်။
