နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ယခုထက်ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်သွားမည့်အခြေအ နေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ဗီယက်နမ်နိုင်ငံတွင် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု(CLMV)ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS)ထိပ်သီးအစည်းအဝေးတို့ကျင်းပရာတွင် မြန်မာနိုင်ငံမှပါဝင်တက်ရောက်မည့်အခြေအနေ၊ နှစ်နိုင်ငံကြား ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများမှ တစ်ဆင့် ခရီးသွားကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေတို့က်ုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကြား နိုင်ငံ့ခေါင်း ဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများအပြန်အလှန်သွားရောက်ခဲ့မှု၊ နိုင်ငံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုအဖြစ် နှစ်နိုင်ငံလွှတ်တော်များအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်သည့်အခြေအနေနှင့် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးက နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။