Home Movies အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

0
106

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို

နယူးဒေလီ၊ ဇူလိုင် ၂၂

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကို ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

စာမေးပွဲအရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ နယူးဒေလီမြို့၌ ထောင်နှင့်ချီသည့် ပြည်သူများ ပါဝင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တနင်္လာနေ့က ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယလူငယ်များ၏ အနာဂတ်ကို ထိခိုက်စေခဲ့သဖြင့် ရာထူးမှ နုတ်ထွက်သင့်ကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်၏ နေအိမ်အနီးတွင် ထိုင်သပိတ်ဆင်နွှဲခဲ့သည်။

“အစိုးရက ဒီကိစ္စအတွက် တာဝန်ယူလိုခြင်း မရှိသလို လွှတ်တော်မှာလည်း ဆွေးနွေးလိုခြင်း မရှိပါဘူး” ဟု အောက်လွှတ်တော်ရှိ အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ (AFP) သတင်းဌာနက ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းများတွင် ရာဟူးလ်ဂန္ဒီနှင့် အခြားလွှတ်တော်အမတ်များကို ရဲတပ်ဖွဲ့ဝင်များက ဘတ်စ်ကားတစ်စီးပေါ်သို့ အတင်းအကျပ် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

လုံခြုံရေးတပ်ဖွဲ့များက ၎င်းအား အတင်းအကျပ် ဖယ်ရှားခဲ့သည့် ဓာတ်ပုံများကိုလည်း ရာဟူးလ်ဂန္ဒီက လူမှုကွန်ရက်ပေါ်တွင် မျှဝေခဲ့ပြီး ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကမူ အဆိုပါဆန္ဒပြပွဲများနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ တိုက်ရိုက်မှတ်ချက်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

Ref: Bangkok Post

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here