Home News Local News လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးလေ့လာကြည့်ရှု

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးလေ့လာကြည့်ရှု

0
100

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ Phontong Handicrafts Cooperation နှင့် CAMA Crafts သို့ သွားရောက်၍ လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Phontong Handicrafts Cooperation ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာအိုရိုးရာပိုးမွေးမြူရေး၊ ပိုးချည်ထုတ်လုပ်မှု၊ သဘာဝဆိုးဆေးအသုံးပြုမှုနှင့် လက်ယက်ကန်းပညာတို့ကို ထိန်းသိမ်းဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လာအိုနိုင်ငံရှိ ကျေးရွာ (၃၅) ရွာမှ လက်မှုပညာရှင် (၄၅၀) ကျော် ပါဝင်သည့် ကွန်ရက်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ကြောင်း သိရသည်။

ထို့ပြင် CAMA Crafts သည် ကျေးလက်လက်မှုပညာရှင်များ၏ ထုတ်ကုန်များကို ဈေးကွက်နှင့် ချိတ်ဆက်ပေးကာ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိုးရာလက်မှုပညာများ ရေရှည်ထိန်းသိမ်းနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများတွင် ထုတ်လုပ်သည့် ပိုးထည်၊ လက်ယက်အထည်များ၊ Batik လက်ရာများ၊ အိတ်များနှင့် အိမ်အလှဆင်လက်မှုပစ္စည်းများကို အများအားဖြင့် သဘာဝဆိုးဆေးများအသုံးပြု၍ လက်ဖြင့် ဖန်တီးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးသည် လက်မှုပညာရှင်များ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ပြသထားသည့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး Phontong Handicrafts Cooperation နှင့် CAMA Crafts ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here