လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ အညတရသူရဲကောင်းစစ်သည်များ၏ အထိမ်းအမှတ်ဗိမာန် (Unknown Soldiers Monument) သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချ အလေးပြုခဲ့ကြသည်။
အဆိုပါ အထိမ်းအမှတ်ဗိမာန်သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသည့် အညတရသူရဲကောင်းစစ်သည်များအား ဂုဏ်ပြုအမှတ်တရ တည်ဆောက်ထားသည့် အမျိုးသားအထိမ်းအမှတ်နေရာဖြစ်ပြီး နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်သည့်အခါ ဂုဏ်ပြုပန်းခွေချ အလေးပြုလေ့ရှိသည့် သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အထိမ်းအမှတ်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချကာ နိုင်ငံအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသည့် အညတရသူရဲကောင်းစစ်သည်များအား ဂုဏ်ပြုအလေးပြုခဲ့ကြကြောင်း သိရသည်။
