လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံသမ္မတများသည် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နိုင်ငံ့ခေါင်းဆောင်များအဆက်ဆက် တည်ဆောက်လာခဲ့သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးအသင်းနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းများမှတစ်ဆင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံသမ္မတများသည် ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ နယ်စပ်ဒေသပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့သည်။
ထို့အပြင် အွန်လိုင်းလောင်းကစားနှင့် ဆက်စပ်ရာဇဝတ်မှုများ ပပျောက်ရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် နှိမ်နင်းရေးလုပ်ငန်းများ၊ သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား ဖြိုဖျက်ရှင်းလင်းခြင်းဆိုင်ရာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) နှင့် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော် နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်း တို့အကြား ညီအစ်မမြို့တော်များ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Sister City MoU) တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက လဲလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲအတွင်း လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံအသိုက်အဝန်းအတွင်း မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


