AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် ခေတ်အခြေအနေနှင့်အညီ ယင်းနည်းပညာများကို ကြီးကြပ်ကွပ်ကဲနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ဦးခင်ရီက ယနေ့ခေတ် ဒီဂျစ်တယ်စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် နည်းပညာဆိုင်ရာ ဥပဒေများ၊ AI ဉာဏ်ရည်တု ကြီးကြပ်ကွပ်ကဲရေးဥပဒေများ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Data Privacy Law) များနှင့် သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအနက် လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပြန်လည်သုံးသပ်ကာ ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြမ်းကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ အစီရင်ခံစာတင်သွင်းနိုင်ရေး၊ ကျောင်းအခြေပြုအားကစားဆိုင်ရာဥပဒေနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းမှုနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများတွင် ပြစ်မှုနှင့် ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ခေတ်အခြေအနေနှင့်အညီ ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ဦးခင်ရီက ပြည်သူများ ဥပဒေ၏ အကာအကွယ်အောက်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ (FDI Law) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ဥပဒေ (FDA Law) များကိုလည်း လိုအပ်ပါက ပိုမိုပြည့်စုံစေရေး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
