ဘန်ကောက်၊ ဇွန် ၁၆
ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ ကျဆင်းလာပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ လျော့ပါးလာသည့် အခြေအနေများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ယခုနှစ် စတုတ္ထသုံးလပတ်အထိ မြင့်မားသည့်အဆင့်တွင် ဆက်လက်တည်ရှိနေမည်ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Capital.com ၏ အချက်အလက်များအရ Brent ရေနံစိမ်းစျေးနှုန်းသည် ဇွန်လ ၁၂ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ သို့ ကျဆင်းလာခဲ့သော်လည်း ထိုင်းနိုင်ငံ၏ လက်လီစက်သုံးဆီစျေးနှုန်းများမှာ သိသာစွာ ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။
ဇွန်လ ၁၅ ရက် စျေးနှုန်းများအရ ဒီဇယ်ဆီတစ်လီတာလျှင် ၃၉.၈၀ ဘတ်နှင့် ဂက်ဆိုဟော ၉၅ တစ်လီတာလျှင် ၄၂.၃၀ ဘတ်ဖြင့် ရောင်းချလျက်ရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ထိုင်းနိုင်ငံသည် ရေနံစိမ်းအများစုကို ပြည်ပမှ တင်သွင်းနေရသဖြင့် ငွေလဲနှုန်းအပြောင်းအလဲများ၏ သက်ရောက်မှုကို ခံနေရကြောင်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ရေနံချက်စက်ရုံများနှင့် LNG စက်ရုံများ ထိခိုက်ပျက်စီးခဲ့ခြင်းက သန့်စင်ပြီး ရေနံထုတ်ကုန်များ၏ စျေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း သိရသည်။
ကြိုတင်ရောင်းဝယ်မှု စာချုပ်များအရ အောက်တိုဘာလအတွက် ဒီဇယ်ဆီကြိုတင်စျေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့် ရှိနေဆဲဖြစ်သဖြင့် လာမည့်လများအတွင်း စျေးနှုန်းဖိအားများ ဆက်လက်ရှိနေဦးမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် စက်သုံးဆီရန်ပုံငွေအဖွဲ့၏ လိုငွေပြမှု၊ ယစ်မျိုးခွန်၊ စည်ပင်သာယာခွန်နှင့် တန်ဖိုးမြှင့်အခွန် (VAT) များကလည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း မြင့်မားနေမှု၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
စက်သုံးဆီရန်ပုံငွေအဖွဲ့၏ လိုငွေမှာ ဇွန်လ ၁၅ ရက်အထိ ဘတ် ၅၈.၄ ဘီလီယံ ရှိနေဆဲဖြစ်ရာ ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းလာသည့်တိုင် ပြည်တွင်းလက်လီစျေးနှုန်းများကို ချက်ချင်းလျှော့ချနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။
Ref: Bangkok Post