လှည်းကူးမြို့နယ် လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီး ၁၀၀၀ အား ဖွင့်လှစ်သင်ကြားပေးနေသော ယဉ်ကျေးလိမ္မာသင်တန်း၌ ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် ယမန်နေ့ က လူမှုဖူလုံရေးအဖွဲ့က ကွင်းဆင်းဆေးကုသမှုပေး ခဲ့ကြောင်း သိရသည်။
ရွေ့လျားဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီး သုံးဦး၊ လက်ထောက်ဆရာဝန် ခုနစ်ဦးအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၅ ဦးတို့ဖြင့် ကုသမှုပေးခဲ့ခြင်းဖြစ်သည်။
လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများနှင့် ၎င်းတို့၏သားသမီးများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ နောက်ဆက်တွဲရောဂါများဖြစ်ပွားမှု နည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များ အသိပေးပြောကြားခြင်းနှင့် ဆေးဝါးများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့် အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
