ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကာလအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀.၀၁) ပေမှ (၂၀.၀၄) ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။
သို့သော်လည်း ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အခြေခံရေစစ်မျဉ်းအထက် (၂၂) ပေခန့်အထိ တက်ခဲ့ဖူးသည့် သာဓ ကများရှိခဲ့သဖြင့် ယခုအခြေအနေမှာ စိုး ရိမ်ဖွယ်မရှိကြောင်းအသိပေးထားသည်။
ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် (၂၀) ပေကျော်လွန်နိုင်သည့်အတွက် မြစ်ကမ်းနားဒေသအနီး နေထိုင်သူများအနေဖြင့် လို အပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသုံးပြုသည့် ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းဆိုသည်မှာ “အနိမ့်ဆုံးကျနိုင်သည့် ရေအမှတ်” ကို သတ်မှတ်ထားခြင်း ဖြစ် သည်။
ရေကြောင်းပြမြေပုံများ ရေးဆွဲရာတွင်လည်းကောင်း၊ ရေအနက်ကို တိုင်းတာရာတွင်လည်းကောင်း ဤမျဉ်းကို အခြေ ခံ (သုညအမှတ်)အဖြစ် အသုံးပြုသည်။
ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းသည် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အောက် ၉.၀၇ ပေ (၂.၇၆ မီတာ) ခန့်တွင် တည်ရှိ သည်။သတင်းထုတ်ပြန်ချက်ပါ အခြေခံရေစစ်မျဉ်းအထက် ၂၀ ပေ ဆိုသည်မှာ ရေကြောင်းပြမြေပုံပါ သုညအမှတ် (အနိမ့်ဆုံးရေကျချိန်)ထက် ၂၀ ပေ ပိုမိုမြင့်တက်လာမည်ဟု ဆိုလိုခြင်း ဖြစ် သည်။
ပျမ်းမျှပင်လယ်ရေမျက်နှာပြင်နှင့် နှိုင်း ယှဉ်ပါက ရေမျက်နှာပြင်ထက် ၁၁ ပေခန့် ပိုမိုမြင့်တက်လာမည့် သဘောဖြစ် သည်။
အခြေခံရေစစ်မျဉ်းသည် ကုန်းမြေပေါ်ရှိ လမ်းမများ၊ လူနေအိမ်ခြေများ၏ အမြင့်ပေနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ မြစ်ကြောင်းအတွင်းရှိ ရေအနက်ကို တိုင်း တာသည့် စံနှုန်းတစ်ခုသာ ဖြစ်သည်။
သို့ဖြစ်ရာ ပေ (၂၀) ကျော် တက်မည်ဆိုသော်လည်း ကုန်းပေါ်သို့ ပေ (၂၀) အထိ ရေနစ်မြုပ်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိရသည်။
