မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ လူဦးရေအများစုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိပြီး GDPအရ နိုင်ငံတော်ထုတ်ကုန်၏ အဓိကအပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍလည်းပါဝင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးတိုးတတ်စေရန် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသော တောင်သူဦးကြီးများနှင့် လယ်ယာများဟာ ပြည်သူများ၏ အားကိုးအားထားရာဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ “ပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးသည် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေသူများဖြစ်၍ တောင်သူလယ်သမားဘဝမြှင့်တင်ဖို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ဖို့အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားခဲ့သည်။
အဆိုပါ နိုင်ငံတော်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာအရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို သက်သာသော အတိုးနှုန်းများဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိသည်။
ပုဂ္ဂလိကပိုင်ဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် (KBZ Bank)မှလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ မြန်မာ့တောင်သူလယ်သမား ၁.၈ သန်းအား စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးမည့် အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
ယခု ပူးပေါင်းဆောင်ရွက်မှုအရ စိုက်ပျိုးရေးချေးငွေများကို ကနဦးအနေဖြင့် တောင်သူလယ်သမား ၈၀,၀၀၀ ကျော်သို့ ငွေသား ၅၀% နှင့် KBZPay မှတဆင့် ဒစ်ဂျစ်တယ်ငွေကြေး ၅၀% ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်သော ငွေကြေးအထောက်အပံ့ကို အချိန်မီရရှိနိုင်မည့်အပြင် လုံခြုံစိတ်ချရသော Digital Financial Services များကိုလည်း
အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာခဲ့ရာ လက်ရှိတွင် ခရိုင်မြို့နယ် ၁၆ ခု၌ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်နေပြီး နောင်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားဖို့ ကမ္ဘောဇဘဏ်ဘက်မှ ရည်ရွယ်ထားသည်။
ယခုအစီအစဉ်မှတဆင့် လယ်တစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် အများဆုံးချေးငွေ သိန်း(၃၀)ထိ ရယူနိင်မည်ဖြစ်ပြီး တောင်သူလယ်သမားဦးရေ ၁.၈ သန်းသို့ ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
ယခုလို ဆောင်ရွက်နေခြင်းသည် KBZ Bank ၏ မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများကို အားပေးကူညီပံ့ပိုးရန်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံ၏ Inclusive Digital Economy ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဖော်ဆောင်နေခြင်းဖြစ်သည်။
