တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ဦးဆောင်သော လေယာဉ်တင်သင်္ဘောအုပ်စုသည် အနောက်ပစိဖိတ်ဒေသတွင် ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို မေ ၂၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ရေးလေ့ကျင့်မှုသည် တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် ဂျပန်ဘက်၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေမည့် စစ်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။
နိုင်ငံပိုင် CCTV သတင်းဌာန၏ ဖော်ပြချက်အရ လျောင်နင် လေယာဉ်တင်သင်္ဘောအုပ်စု၏ လေ့ကျင့်မှုတွင် နည်းဗျူဟာမြောက် ကမ်းဝေးပျံသန်းမှုများ၊ ကျည်အစစ်သုံး ပ-စ်ခတ်လေ့ကျင့်မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အကာအကွယ်ပေးရေးဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ရေတပ်က ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု၏ တည်နေရာအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယင်းလေ့ကျင့်မှုများမှာ တို-က်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်၍ မြှင့်တင်နိုင်ရန် နှစ်စဉ်အစီအစဉ်အရ ပုံမှန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လေ့ကျင့်မှုကာလ မည်မျှကြာမြင့်မည်ကိုလည်း ထုတ်ပြန်ထားခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလအတွင်း ပြုလုပ်ခဲ့သည့် လျောင်နင်၏ စစ်ရေးလေ့ကျင့်မှုမှာ တစ်လခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း အာရှအရှေ့ဘက်ကမ်းရိုးတန်းမှ အိုရှန်နီးယား အနောက်ဘက်ကမ်းရိုးတန်းအထိ ကျယ်ပြန့်သည့် အနောက်ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကြောင့် တရုတ်နှင့် ဂျပန် စစ်လေယာဉ်များအကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေကျင်း၏ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည့် “လျောင်နင်” ကို ၂၀၁၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ski-jump ပျံတက်စနစ်ကို အသုံးပြုထားသည်။ ယင်းလေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်အနီးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအပါအဝင် စစ်ရေးလှုပ်ရှားမှုအများအပြားတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
Ref: Bangkok Post
