ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လိပ်သိုဒေသရှိ ဇလဲကျေးရွာအုပ်စုအတွင်း ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ဘိုကလေးကျေးရွာနှင့် အလယ်ချောင်းကျေးရွာများတွင် ဒူးရင်းသီးအများဆုံး ထွက်ရှိလျက်ရှိကြောင်း သိရသည်။
ဒေသခံစိုက်ပျိုးသူများ၏ ပြောကြားချက်အရ ဒူးရင်းပင်များမှာ နိုဝင်ဘာလတွင် အပွင့်များ စတင်ပွင့်ခဲ့ပြီး မေလတွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ အသီးများကို ကောင်းမွန်စွာ ရင့်မှည့်ပြီးမှသာ ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။
ထို့ပြင် အပင်ပေါ်တွင် သဘာဝအတိုင်းမှည့်၍ ကြွေကျသော ဒူးရင်းသီးများမှာ အရသာပိုမိုကောင်းမွန်ကြောင်းလည်း ဆိုသည်။
လက်ရှိတွင် ဒေသထွက်ဒူးရင်းသီးများကို အလုံးအရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ဈေးရရှိနေကြောင်း သိရသည်။
အဆိုပါ ဒူးရင်းသီးများကို ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
