တရုတ်နိုင်ငံ၊ ဆန်ညာမြို့တွင် ကျင်းပသည့် (၆) ကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ၌ မြန်မာ Teqball အသင်းသည် အာရှထိပ်သီးနိုင်ငံများကို ကျော်ဖြတ်ကာ ကြေးတံဆိပ် (၃) ခု ဆွတ်ခူးရရှိခဲ့ကြောင်း Myanmar Teqball Federation ထံမှ သိရသည်။
ပြိုင်ပွဲဝင်နိုင်ငံများနှင့် မြန်မာ့အသင်း၏ အောင်မြင်မှု
ဧပြီလ ၂၅ ရက်မှ စတင်ကျင်းပသည့် အဆိုပါပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အီရတ် အပါအဝင် အာရှဒေသတွင်း နိုင်ငံပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာအသင်းသည် ပြိုင်ပွဲအမျိုးအစား (၃) မျိုးစလုံးတွင် အောက်ပါအတိုင်း အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည် ။
Women’s Doubles (အမျိုးသမီးနှစ်ယောက်တွဲ)
အဖွင့်ပွဲတွင် မြောက်ကိုရီးယား (DPR Korea) ကို ရှုံးနိမ့်ခဲ့သော်လည်း အိမ်ရှင်တရုတ်အပါအဝင် နောက်ပွဲစဉ်အားလုံးကို အနိုင်ကစားကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အာရှထိပ်သီး ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် ကြေးတံဆိပ်ဆုကို ရရှိခဲ့သည်။
Men’s Doubles (အမျိုးသားနှစ်ယောက်တွဲ): အုပ်စုတွင်း၌ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အိမ်ရှင်တရုတ်နှင့် ကျန်အသင်းများကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အီရတ်အသင်းနှင့် ဒ-ဏ်ရာပြဿနာများကြားမှ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ ကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။
Mixed Doubles (အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ)
လက်ဘနွန်၊ မွန်ဂိုလီးယားနှင့် ကမ္ဘောဒီးယားအသင်းများကို ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၁) ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် တတိယကြေးတံဆိပ်ဆုကို အောင်မြင်စွာ ခူးဆွတ်နိုင်ခဲ့သည်။
Teqball အားကစားအကြောင်း သိကောင်းစရာ
Teqball အားကစားသည် ဘောလုံး (Football) နှင့် စားပွဲတင်တင်းနစ် (Table Tennis) ကို ပေါင်းစပ်ထားသည့် ပုံစံသစ် အားကစားနည်းတစ်ခု ဖြစ်သည်။ ကစားသမားများသည် လက်နှင့် လက်မောင်းမှလွဲ၍ ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော ခြေထောက်၊ ရင်ဘတ်၊ ခေါင်းနှင့် ပုခုံးတို့ကို အသုံးပြုကာ ကွေးညွှတ်နေသည့် တက်ဂ်ဘောခုံ (Curved Table) ပေါ်တွင် ဘောလုံးကို အပြန်အလှန် ခေါက်ကစားရခြင်း ဖြစ်သည်။
Credit – Myanmar Teqball Federation
