မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ စက်ရုံများမှာ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. က တည်ဆောက်သည့် သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. က တည်ဆောက်သည့် သပြေဝ ၄၀ မဂ္ဂါဝပ် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
စက်ရုံ ၂ ခုမှ တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ၁၃၀,၀၀၀ ခန့်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများလည်း မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် နှောင့်နှေးမှုများ၊ အချို့စက်ရုံများ ဖျ-က်ဆီးခံရမှုများကြောင့် ထုတ်လုပ်နိုင်မှု လျော့နည်းလာသည့်အပြင် ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍများတွင်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။
ယင်းအားနည်းချက်များကို ဖြေရှင်းနိုင်ရန် ရေတိုနှင့် ရေရှည်အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်ရုံဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
