အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် မကြုံစဖူး စွမ်းအင်အကျပ်အတည်းက ပင်လယ်ကွေ့နိုင်ငံများအကြား သဘောထားကွဲလွဲမှုများကို ဖော်ထုတ်လိုက်ပြီးနောက်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ၎င်းတို့အနေဖြင့် ရေနံထုတ်လုပ်သူများအဖွဲ့ဖြစ်သော OPEC မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ယနေ့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
OPEC ၏ ကာလရှည်အဖွဲ့ဝင်ဖြစ်သော UAE နုတ်ထွက်သွားခြင်းသည် အဖွဲ့အတွင်း ဖရိုဖရဲဖြစ်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး အဖွဲ့ကို အားနည်းသွားစေနိုင်သည်။ အဆိုပါအဖွဲ့သည် ပထဝီနိုင်ငံရေးမှသည် ရေနံထုတ်လုပ်မှုခွဲတမ်းများအထိ ကိစ္စရပ်အမျိုးမျိုးတွင် အတွင်းပိုင်းသဘောထားကွဲလွဲမှုများ ရှိနေလင့်ကစား အစဉ်အမြဲ စည်းလုံးညီညွတ်မှုကို ပြသရန် ကြိုးပမ်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
UAE စွမ်းအင်ဝန်ကြီး Suhail Mohamed al-Mazrouei က ရိုက်တာ င်္သတင်းဌာနသို့ ပြောကြားရာတွင် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်သော UAE ၏ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာများကို သေချာစွာ ပြန်လည်သုံးသပ်ပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
OPEC ၏ အရှိန်အဝါအကြီးဆုံးခေါင်းဆောင်ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့် တိုင်ပင်ဆွေးနွေးမှု ရှိ၊ မရှိ မေးမြန်းရာတွင် ဝန်ကြီးက UAE အနေဖြင့် အခြားမည်သည့်နိုင်ငံနှင့်မျှ ယခုကိစ္စကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။
“ဒါဟာ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုပါ။ လက်ရှိနဲ့ အနာဂတ် ရေနံထုတ်လုပ်မှု ပမာဏတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို သေချာသုံးသပ်ပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။
OPEC အဖွဲ့ဝင် ပင်လယ်ကွေ့ရေနံထုတ်လုပ်သူများသည် အီရန်၏ ခြိမ်းခြောက်မှုများနှင့် သင်္ဘောများအပေါ် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။
ဝန်ကြီး Mazrouei က ဆက်လက်ပြောကြားရာတွင် UAE အနေဖြင့် OPEC+ အဖွဲ့မှလည်း နုတ်ထွက်မည်ဖြစ်သော်လည်း၊ ရေလက်ကြားတွင် ဖြစ်ပေါ်နေသောအခြေအနေများကြောင့် ဈေးကွက်အပေါ် ကြီးမားသော သက်ရောက်မှုရှိလာမည်မဟုတ်ကြောင်း ဆိုသည်။
OPEC အဖွဲ့အနေဖြင့် ရေနံဈေးနှုန်းများကို မြှင့်တင်ပြီး “ကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားနေသည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းတွင်စွပ်စွဲပြောဆိုခဲ့ဖူးသည်။
