မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက ဧပြီ ၁၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင်တန်းစီဝယ်ယူနေရခြင်းအတွက် တန်းစီစောင့်ဆိုင်းနေရမှုနည်းပါးအောင်ဆောင်ရွက်ရန်၊ စက်သုံးဆီများအား ယာဉ်များအတွက်သာမက မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ စိုက်ပျိုးရေးအတွက်ပါ ဆီရရှိရေးကြိုတင်ဆောင်ရွက်ရန်၊ စက်သုံးဆီအားပြတ်လပ်မသွားစေရေးအတွက် လက်ရှိအခြေအနေအတိုင်းထိန်း သိမ်းထားရန်၊ နွေရာသီဖြစ်၍ စက်သုံးဆီသိုလှောင်ထားမှုနေရာများ မီးဘေး Safely ဖြစ်အောင်ဆောင် ရွက်ထားရန်မှာကြားခဲ့သည်။
ထို့ပြင် တာဝန်ရှိသူများက Puma Power International Port Terminal ဆိပ်ကမ်းသို့လာရောက်သည့် လမ်းများပိုမိုကောင်းမွန်ရန်လိုအပ်မှု၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ဘားကုတ်များဖြင့် စက်သုံးဆီ ရောင်းချနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်း အမြန်ဆုံးဆောင်ရွက်ရန်၊ နွေရာသီရောက်ရှိလာပြီဖြစ်၍ မီး ဘေးအန္တာရာယ်အား ဂရုစိုက်ရန်လိုအပ်မှုတို့ကိုမှာ ကြားခဲ့ကြသည်။
ထို့အတူ မိုးရာသီတွင် သီးနှံစိုက်ပျိုးရေးအတွက် စက်သုံးဆီများလိုအပ်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်၊ မိုးကာလရောက်ရှိလာတော့မည်ဖြစ်၍ မုန်တိုင်းများဝင်ရောက်လာနိုင်ရာ သင်္ဘောမှချည်နှောင်ထားသည့်ကြိုးများပြတ်တောက်သွားမှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Puma Power International Port Terminal ဆိပ်ကမ်းနှင့် ယင်း သို လှောင်ကန်များရှိစက်သုံးဆီများကို သက်ဆိုင်ရာ ဆီဖြည့်ပွိုင့်များမှတစ်ဆင့် ဆီဘောက်ဆာယာဉ်များပေါ်သို့ ဆီဖြည့်ပေးနေမှု၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်း ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတည် ဆောက်မည့်နေရာတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
