မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးအဘွားဖြစ်သည့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နေ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်အား ယနေ့ အောက်တိုဘာ ၂၈ ရက်က တာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
တာဝန်ရှိသူများက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းနေ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်အား လူမှုဝန်ထမ်းဦးစီးဌာနမှပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေ(၁၀)သိန်းကျပ်နှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ ၁ ရက်တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုချီးမြှင့်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်၍ (၁၂၁)နှစ်အရွယ် ဘိုးဘွားနှစ်ဦးအား မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားအဖြစ်သတ်မှတ်ရွေးချယ်ခဲ့ပြီး တစ်ဦးလျှင် (၁၀)သိန်းကျပ်စီဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားနှစ်ဦးမှာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ အဘွားဒေါ်ပန်းနွယ်(၁၂၁)နှစ်နှင့် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နေ အဘိုးဦးသိန်းအောင်(၁၂၁)နှစ်တို့ဖြစ်သည်။
