ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒု-ဝန်ကြီး(ယဥ်ကျေးမှု)ဒေါ်မြနုဇံက ပြောသည်။
၎င်းမှ ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၉ နာရီက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ကျင်းပသည့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေး ဆွဲနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပုဂံဒေသ၌ ယခုအချိန်တွင် ဧည့်သည်များကျဲပါးနေသော်လည်း ပုံမှန်အားဖြင့် ဟိုတယ်၊ တည်းခိုခန်းများတွင် ခရီးသွားဧည့်သည်များဖြင့်ပြည့်နေလေ့ရှိသောကာလဖြစ်၍ ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေးဆွဲနိုင်ရေးမှာ အရေးကြီးသည်ဟု ပြောသည်။
ထို့ပြင် ကမ္ဘာ့အမွေအနှစ်မလျှောက်ထားမီကပင်တည်ရှိသော ဟိုတယ်အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းကျရောက်လျက်ရှိ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဟိုတယ်ဆိုင်ရာအချက်အလက်များကိုကွင်းဆင်းကောက်ယူခဲ့သည်ဟုလည်း ဒု-ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)က Hotel Strategy (မူကြမ်း)ပြုစုထားမှု၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက Hotel Strategy ရေးဆွဲနိုင်ရေး ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၊ ဒု-ညွှန်ကြားရေးမှူးက ဟိုတယ်လိုင်စင်ထုတ်ပေးထားမှု၊ ညောင်ဦးမြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက တည်းခိုရိပ် သာလိုင်စင်ထုတ်ပေးထားမှုတို့ကို ရှင်းလင်းတင် ပြခဲ့ကြသည်။
