ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် နေ့အပူချိန်များ အနည်းငယ် ထပ်မံတိုးလာနိုင်ကြောင်းနှင့် ဧပြီလမှာ ပူပြင်းသည့်ကာလဖြစ်သည်နှင့်အညီ အပူဒဏ်အန္တရာယ်ကို ဒေသခံများအနေဖြင့် ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့်ရက်များတွင် အပူ ချိန်တိုးလာနိုင်သည့်အတွက် အပြင်ထွက်ပါက နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ (မိုးတိမ်တောင်ဖြစ်စဉ်များ)ကို သတိပြုနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
ရန်ကုန်တိုင်းတွင် မိုးရွာသွန်းရန် အလားအလာ နည်းပါးသေးသော်လည်း တိမ်အသင့်အတင့် ဖြစ်ထွန်းမည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ခြေ (၈၀) ရာခိုင်နှုန်းအထိရှိနေပြီး ရန်ကုန်တွင်လည်း အပူရှိန်ကြောင့် ဖြစ်ပေါ်လာမည့် တိမ်တိုက်များ၏ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။
မိုး/ဇလ၏ သတိပေးချက်အရ လက်ရှိတွင် တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိရာ အဆိုပါ တိမ်တိုက်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင်လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ကြိုတင်သတိပြုသင့်ကြောင်း အသိပေးထားသည်။
