တိုင်ဖွန်းမုန်တိုင်း KRATHON (20W) မှာ ထိုင်ဝမ်ကျွန်းသို့ ဖြတ်ကျော်တိုက်ခတ်ပြီးလျှင် လေဖိအားနည်း ရပ်ဝန်းအဖြစ် အားပျော့သွားမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ အားလုံး လာမည့် (၇၂) နာရီအတွင်း မိုးအားလျော့နည်းလာတော့မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်မှ တဆင့် မျှဝေရေးသားထားချက်အရ သိရသည်။
ထိုင်ဝမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း KRATHON (20W) က CATEGORY-1 (CAT-1) အဆင့်သို့ ကျဆင်းအားလျော့နေပြီဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင်(၁၀၀) နှုန်းရှိနေကြောင်း ဦးဝင်းနိုင်က အသိပေးထားသည်။
အဆိုပါ မုန်တိုင်းသည် ထိုင်ဝမ်ကျွန်းကို ဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမည်ဖြစ်ကြောင်း မုန်တိုင်းများ ဖြစ်ပေါ်မှုခန့်မှန်းခြင်းနှင့် ဆန်းစစ်အတည်ပြုခြင်းများ ဆောင်ရွက်နေသည့် Cooperative Institute for Meteorological Satellite Studies(CIMSS) ၊ WINDY-APP ECM WF model နှင့်၊ CIMSS – ARCHER တို့က ခန့်မှန်ထားကြောင်းလည်း ၎င်းက မျှဝေအသိပေးထားသည်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသည့် တိုင်ဖွန်းမုန်တိုင်း KRATHON(20W)၏ အရှိန်ကြောင့် မြန်မာနိုင်ငံသို့ အရှေ့ မြောက်ဘက်မှ ဝင်ရောက်လာနေသည့် မိုးတိမ်များ သယ်ဆောင်လာသော လေစီးကြောင်းမှာလည်း တဖြည်းဖြည်းအားလျော့သွားတော့မည်ဖြစ်ကာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ အားလုံး လာမည့် (၇၂) နာရီအတွင်း မိုးအားလျော့နည်းလာတော့မည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းထားသည်။
“ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသများ အပေါ်မှာ ဖြစ်နေခဲ့သည့် အမြင့်ပေ (၁၄,၀၀၀) ကျော်က လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)ကတော့ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရွေ့လျားသွားပြီး အောက်တိုဘာ (၄) ရက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ကြောင်း ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်တဲ့ အိန္ဒိယမိုးလေဝသဌာန (IMD) ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်”ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်လည်း ပင်လယ်ပြင်၌ ဖြစ်ပေါ်နိုင်မည် မဟုတ်သောကြောင့် အားပိုကောင်းလာမည်မဟုတ်ကြောင်းနှင့် မုန်တိုင်းဖြစ်လာမည် မဟုတ်တော့သည့်အတွက် စိုးရိမ်စရာ လျော့နည်းသွားပြီဖြစ်ကြောင်း ၎င်းက ဆိုထားသည်။




