ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေထူထပ်ပြီး မော်တော်ယာဉ်စီးရေ များပြားသည့်အတွက် ယာဉ်မတော်တဆ ဖြစ်ပွားမှုသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုများပြားသော်လည်း နှစ်ချုပ်အစီရင်ခံစာအရ ယာဉ်တိုက်မှု အဆင့်(၅)နေရာနှင့် လူေ-သဆုံးမှု အဆင့် (၇)နေရာတွင်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မေလမှ သြဂုတ်လအထိ ယာဉ်တိုက်ခိုက်မှု စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု (၂၅၉) မှု ထိခိုက်ဒဏ်ရာရသူ (၃၀၁)ဦးနှင့် ေ-သဆုံးသူ (၁၃၈)ဦး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်တိုက်ခိုက်မှု လျော့ကျစေရေး ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးစားဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် NRSC အစည်းအဝေးတွင် NRSC ဥက္ကဋ္ဌ မှာကြားခဲ့သော ၂၀၂၁ – ၂၀၃၀ လုပ်ငန်းစီမံချက် (Action Plan) ၏ ရည်မှန်းချက်ဖြစ်သည့် “၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် ေ-သဆုံးသူဦးရေကို တွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ေ-သဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာစေရေး” ရည်မှန်းချက်ကို မျက်ခြည်မပြတ်စေဘဲ တာဝန်ရှိသူအားလုံး အလေးနက်ထားဆက်လက်ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့ပြင် YRSC ကော်မတီဝင်များအနေဖြင့် Quick Win အစီမံ (၅)ရပ်နှင့် Action Plan ပါ ရေတို ရေရှည် လုပ်ငန်းစီမံချက်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


