အိန္ဒိယအနောက်ပိုင်း၌ ဖျော်ဖြေရေးစင်တာမီးလောင်၊ လူ ၂၄ ဦး ထက်မနည်းသေဆုံး

0
452

အမီဒါဘတ်၊မေ ၂၆

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မိသားစုဖျော်ဖြေရေးစင်တာတစ်ခု မေလ ၂၅ ရက်ညနေပိုင်းကမီးလောင်သဖြင့် ကလေးငယ်အများအပြားအပါအဝင် လူ ၂၄ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ရတ်ဂျ်ကော့ ခရိုင်ရှိ အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူဦးရေတိုးလာနိုင်ဖွယ်ရှိကြောင်းလည်း မြို့တော်ဝန်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ကကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့ဖြစ်တာကြောင့် ဒီဖြစ်ရပ်အတွက်တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမှာပါ” ဟုလည်း မြို့တော်ဝန်ကပြောကြားခဲ့သည်။

TRP အမည်ရှိ ဂိမ်းဇုန်၌ လောင်ကျွမ်းနေသည့်မီးမှာကြီးမားပြီး မီးလောင်ရာ နေရာမှ မီးခိုးများ ထူထပ်စွာ ထွက်လာကာ အဆောက်အအုံတစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့သည်ကိုလည်း ဆိုရှယ်မီဒီယာရှိ ဗီဒီယိုများ၌တွေ့ရသည်။

ဒေသဆိုင်ရာပြည်သူ့ဆေးရုံမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ အလောင်းအချို့မှာ မီးလောင်ကျွမ်းသွားခြင်းကြောင့် မည်သူမည်ဝါဖြစ်ကြောင်းပင် သိရှိရခြင်းမရှိဟုလည်းသိရသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီကမူ သေဆုံးထိခိုက်သူများအတွက်လိုအပ်သည်များကိုဆောင်ရွက်ပေးရန် ဒေသဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီး ၎င်းအနေနှင့်လည်းသေဆုံးသူများ၏မိသားစုများနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းပြောကြားခဲ့သည်။

ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ကမူ ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ထံလွှဲပြောင်းပေးထားကြောင်းဆိုကာ တီဗွီအစီအစဉ်တစ်ခုကမူ ယခုဖြစ်ရပ်နှင့်ပတ်သက်သူဟုယူဆရသောလူနှစ်ဦးအားထိန်းသိမ်းထားကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here