အမေရိကန်နဲ့ တောင်ကိုရီးယားက သူလျှိုလေယာဉ်တွေနဲ့ သင်္ဘောတွေ စေလွှတ်ပျံသန်းခဲ့ဟု မြောက်ကိုရီးယား စွပ်စွဲ

0
274

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်နှစ်နိုင်ငံနယ်စပ်ဝန်းကျင်မှာ ကင်းထောက်လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စွပ်စွဲလိုက်ပြီး နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာကို ချိုးဖောက်လာပါက အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးကြောင်း နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက မေ ၂၆ ရက်မှာ ဖော်ပြပါတယ်။

အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ဝေဟင်မှာ ၎င်းရဲ့ RC-135၊ U-25 မဟာဗျူဟာ ကင်းထောက်လေယာဉ်တွေနဲ့ RQ-4B ဒရုန်းတို့ကို မေ ၁၃ ကနေ ၂၄ ရက်အကြား အနည်းဆုံး ၁၆ ကြိမ်အထိ စေလွှတ်ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂျန်အီလ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တို့ဟာ ကင်းလှည့်လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်ကာ၊ ရေကြောင်းနယ်နိမိတ် ချိုးဖောက်မှုတွေ တိုးမြှင့်လာခြင်းဖြင့် စစ်ရေးတင်းမာမှုတွေဖြစ်လာအောင် တွန်းအားပေးနေတယ်လို့လည်း ၎င်းက စွပ်စွဲခဲ့ပါတယ်။

တောင်ကိုရီးယားဘက်ကနေ ဝါဒဖြန့် လက်ကမ်းစာစောင်တွေပါတဲ့ မိုးပျံပူပေါင်းတွေ စေလွှတ်နေခြင်းကိုလည်း မစ္စတာ ကင်က ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ အန္တရာယ်များတဲ့ ရန်စမှုအဖြစ် ပြောဆိုပါတယ်။

တောင်ကိုရီးယားရှိ ဘက်ပြောင်းခိုလှုံသူ မြောက်ကိုရီးယားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အစားအစာ၊ ဆေးဝါး၊ ငွေကြေး၊ ရေဒီယိုအသေးစားတွေ၊ တောင်ကိုရီးယားသတင်းတွေ၊ ဇာတ်လမ်းတွဲတွေ ထည့်သွင်းထားတဲ့ USB stick တွေနဲ့အတူ ပြုံယမ်းဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ပါဝင်တဲ့ မိုးပျံပူပေါင်းတွေကို ပုံမှန်လို လွှတ်တင်စေလွှတ်ကြလေ့ရှိပါတယ်။

ယခုလတ်တလောပင်လျှင် အမေရိကန်နဲ့ တောင်ကိုရီးယားရုပ်သေး လေတပ်တို့ဟာ စစ်ပွဲကာလအခြေအနေနဲ့ ယှဉ်နိုင်တဲ့အဆင့်မျိုးဖြင့် ဝေဟင်ကနေ ကင်းထောက်တဲ့လုပ်ငန်းတွေကို နေ့စဉ်အချိန်မခြားဘဲ လေယာဉ်မျိုးစုံနဲ့ အဆက်မပြတ် လှုပ်ရှားနေကြတယ်လို့လည်း KCNA မှ ထုတ်ပြန်ချက်မှာ မစ္စတာကင်က ဆက်လက် ပြောဆိုခဲ့ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်တွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြအာဏာနဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ထိပါးလာမယ်ဆိုရင် တန်ပြန်ဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here