မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတား၏ ဘေးမှဖောက်လုပ်ထားသည့် ယာယီလမ်းမှ ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်

0
76

မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားဘေးအောက်ဘက်တွင် ဖောက်လုပ်ထားသည့် ယာယီလမ်းမှ ယနေ့မေ (၂၆) ရက် နံနက်ပိုင်းတွင် ကုန်တင်ယာဉ်အချို့ကို စမ်းသပ်ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့က ပျက်ဆီးသွားသော တံတား၏ ဘေးတစ်ခြမ်းတွင် ယာယီ သစ်တံတားထိုးကာ ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ယနေ့တွင် တံတားအောက်ဘက်၌ ဖောက်လုပ်ထားသည့် ယာယီမြေသားလမ်းမှ ကုန်တင်ယဉ်များကို ဖြတ်သန်းခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကြည့်ရသလောက်ကတော့ နှစ်လမ်းပေးသွားမယ်ထင်တယ်။ အပေါ်နဲ့အောက်ပေါ့။ တံတားအပေါ်ကတော့ အိမ်စီးကားတွေ ဖြတ်ခွင့်ပြုနေတယ်။ ဒီတစ်ရက်နှစ်ရက်တော့ နည်းနည်း ကြပ်နေဦးမယ်။ ဒေါက်ရပ်လမ်းလွှဲကိုလည်း ပြင်ပေးနေတယ်ကြားတယ်။ ဒီဘက်မှာ ပိတ်နေရင်တော့ အဲဒီဘက်လမ်းကနေ မောင်းတဲ့ကားက မောင်းရင်တော့ အဆင်ပြေသွားမှာပါ”ဟု ယင်းနေရာတွင် ရောက်ရှိနေသော အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ယခုလ မေ(၂၃ )ရက်က နံနက်အစောပိုင်းတွင် ရွှေရောင်ပြကျေးရွာအုပ်စု ရန်ကုန် – မော်လမြိုင် ကား လမ်းမပေါ်ရှိ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားမှာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရသဖြင့် ဒေသတွင်း ခရီးသွားလာမှုများ ခက်ခဲကြန့်ကြာ နေရခြင်းဖြစ်သည်။

ဓာတ်ပုံ – CJ
ပုံစာ- မစောတံတားအောက်ဘက် မြေသားလမ်းအား ယာယီသွားလာနိုင်ရန် ဖောက်လုပ်နေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here