စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်တိုးမြှင့်ရေး နစက ဥက္ကဋ္ဌတိုက်တွန်း

0
212

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထုတ်ကုန်တိုးမြှင့်ရေးကို အောင်မြင်စွာဆောင်ရွက်ကြရန် ချောက်ခရိုင်တာဝန်ရှိသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်သည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ချောက်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယမန်နေ့ မေလ(၂၅)ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြောကြားရာတွင် ချောက်ဒေသအတွင်း၌လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကလိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကိုကောင်းမွန်စွာ ပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာရရှိရေးနှင့် စိုက်နည်းစနစ်များမှန်ကန်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ချောက်ဒေသအတွင်း၌ ယာစိုက်ပျိုးမှု ပိုမိုများပြားသည်ကို တွေ့ရှိရသဖြင့် မြေပြုပြင်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရန်လိုကာ စိုက်ပျိုးရေး လုပ်ငန်းအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများကို နိုင်ငံအတွင်း ထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပမှလည်း တင်သွင်းပေးလျက်ရှိကြောင်းလည်း နစကဥက္ကဌက ပြောသည်။

အလားတူ မြေဆွေး၊ မြေဩဇာများနှင့် မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် အကျိုးရှိရှိဆောင်ရွက်ကြစေလိုကြောင်းလည်း မှာကြားခဲ့သည်။

မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဒေသအတွင်း စားရေးကိုတိုက်ရိုက်အထောက်အကူပြုစေမည့် မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်လိုကာဒေသတွင်းစားသုံးမှုမှပိုလျှံလာသည့် အသား၊ ငါး၊ ဥများကို ဘုရားဖူးဧည့်သည် အများအပြားလာရောက်သည့် ပုဂံဒေသ အပါအဝင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချနိုင်စနစ်တကျနေထိုင်လုပ်ကိုင်ဆောင်ရွက်နေရန်လိုပြီး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌကပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် (၁၃) ခရိုင်စိမ်းလန်းစိုပြေရေး စီမံဆောင်ရွက်လျက်ရှိကာ ချောက်မြို့နယ်နှင့်ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တောများစိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း နစကဥက္ကဌက ပြောကြားခဲ့သည်။

ထိုတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here