သံတွဲမှာ ဒေသခံ အများအပြား စစ်ရှောင်နေရ၊ တမြို့နယ်လုံးလည်း လျှပ်စစ်မီးပြတ်တောက်နေ

0
1416

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖြစ်ပွါးနေသည့်တိုက်ပွဲများကြောင့် ဒေသခံအများစုသည် မြို့ကိုစွန့်ခွါစစ်ရှောင်နေရကာ မြို့တွင်လျှပ်စစ်မီးပြတ်တောက်နေသည်မှာလည်း ရှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများမှတဆင့် သိရသည်။

တိုက်ပွဲများသည် သံတွဲမြို့ပေါ်ထိမရောက်ရှိသေးသော်လည်း သံတွဲမြို့နယ်ထဲကရွာများတွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် အနီးနားရှိကျေးရွာနေပြည်သူများကသံတွဲမြို့ပေါ်ကိုစစ်ရှောင်ရန် ရောက်ရှိလာကြခြင်းများလည်းရှိနေသည်။

ထို့အတူ တိုက်ပွဲများသည် မြို့နှင့် ရှစ်မိုင်ခန့်နီးကပ်လာသောကြောင့် မြို့ခံအများစုသည်လည်း စိုးရိမ်ကာ သံတွဲမြို့မှ တိမ်းရှောင်သွားကြသည်ဟု စစ်ရှောင်များကူညီပေးနေသည့် ပရဟိတအဖွဲ့က တာဝန်ခံတစ်ဦးကပြောသည်။

မြို့ကိုစွန့်ခွါသော သူအများစုသည် ငွေကြေးတတ်နိုင်သူအများစုဖြစ်ပြီး အခြေခံလူတန်းစားအများစုက မြို့မှာ ကျန်နေသေးသောကြောင့် မြို့ပေါ်အထိ တိုက်ပွဲများဖြစ်လာရင် ပိတ်မိနိုင်သည့်အခြေအနေမှာရှိနေကြောင်း သူကဆိုသည်။

ယခုလက်ရှိတွင် မြို့ပေါ်တွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ရှစ်ရက်ခန့် ရှိလာပြီဖြစ်ကာ လျှပ်စစ်မီးအသုံးပြုရတဲ့လုပ်ငန်းများ၊ ဆေးရုံများတွင်လည်း အဆင်မပြေဖြစ်ကာ ဒုက္ခရောက်နေရကြောင်း ထို ပရဟိအဖွဲ့တာဝန်ခံ ကပင် ဆက်ပြောသည်။

ယခုလက်ရှိတွင်ရပ်နားထားသည့် လေကြောင်းလိုင်းပြန်လည်ပြေးဆွဲပေးနေပြီး၊ ဆေးဝါးအပါအဝင် အခြားကုန်ဈေးနူန်းများလည်း ပုံမှန် ထက်တဖြေးဖြေးမြင့်တက်လာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here