ဆိုက်ကလုန်းမုန်တိုင်း ရီမယ်(လ်) မြန်မာသို့ဦးတည်မည့် အခြေအနေမရှိ၊ အဝါရောင်အဆင့် ဆက်လက်သတ်မှတ်

0
251

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)သည် မြန်မာသို့ ဦးတည်သည့် အခြေအနေမရှိသည့်အတွက် အဝါရောင်အဆင့် ဆက်လက်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့မနက်တွင် ထုတ်ပြန်သည်။

ထို ဆိုက်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)သည် ပိုမိုအားကောင်းလာနိင်ကာ (၆)နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး ယနေ့ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့်အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ မေ၂၇ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ဆိုသည်။

ထို့အပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်၉ပေမှ ၁၂ ပေခန့်ရှိသည့် လှိုင်းများလည်းကြီးနိုင်ကာ မိုင် ၄၀ ခန့်ရှိသည့် မိုးသက်လေပြင်းများကျရောက်နိုင်ကြောင်း မိုး/ဇလက ခန့်မှန်းသည်။

အလားတူပင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ၁၃ ပေမှ ၁၆ ပေခန့် ရှိသော လှိုင်းများကြီးကာ ၄၅မိုင်မှ ၅၅မိုင်ရှိသော လေပြင်းများ ကျရောက်နိုင်ကြောင်း မိုး/ဇလကထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်လည်းမြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုနိုင်ကာ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြဖို့ မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here