ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးများကြောင့်ရေကြီးရေလျှံမှုများမဖြစ်စေရေး နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

0
56

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေး အန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိစေရေး နှင့် ရှေးဟောင်းကန်များ ပြန်လည် ပြုပြင်ဆောင်ရွက်‌နေမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြကန်ရေလှောင်တမံ၊ ဖျောက်ဆိပ်ပင်ကန် အမှတ်(၁/၂/၃)၊ ဇေယျဝတီ(ဇေယျဝေရီ)ကန်၊ မင်္ဂလာကန်အမှတ်(၃)တို့ကို နစက ဥက္ကဋ္ဌက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် နစက ဥက္ကဋ္ဌက ရေလှောင်တမံများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး တာတမံများ၏ ခံနိုင်ရည်စံနှုန်း အရည်အသွေးစစ်ဆေးခြင်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆည်တာတမံများကိုသာမက ရေဝင်ရေထွက်မြောင်းများကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်ထားရှိရန် လိုအပ်ပြီး ရေလှောင်တမံများ၊ ရေလှောင်ကန်များ အားလုံး၏ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာတစ်လျှောက် ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အသေးစိတ်လေ့လာဆောင်ရွက်သွားရန် လိုကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အမြောက်အများရှိသည့်အတွက် ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ကာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါအဝင် အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လည်းနစက ဥက္ကဋ္ဌက မှာကြားသွားသည်။

ထို့ပြင် အညာဒေသ၏ အငွေ့အသက်များလျော့နည်းပပျောက်မှု မရှိစေရေးအတွက် စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများ၏ ခြံစည်းရိုးအနားသတ်များတွင် ထန်း၊ မန်ကျည်း၊ တမာ နှင့် ထနောင်းတို့ကဲ့သို့သော အညာဒေသနှင့် ကိုက်ညီသည့် အပင်များစိုက်ပျိုးကြရန်လိုကြောင်း၊ ဧရိယာကျယ်ဝန်းသည့်စိုက်ခင်းများအတွင်း၌လည်း အရိပ်ရအပင်များအဖြစ် တမာနှင့် မန်ကျည်းပင်များကို စိုက်ပျိုးနိုင်ကြောင်း ပြောကြားသည်။

ဒေသတည်ငြိမ်အေးချမ်းပြီး စိမ်းလန်းစိုပြေသာယာလှပမည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုများပြားလာမည်ဖြစ်ကာ ဒေသ၏ လူမှုစီးပွားဘဝများသည်လည်း ပိုမိုတိုးတက် ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here