လက်ရှိ စစ်မြေပြင်အနေအထားအတိုင်း အသိအမှတ်ပြုရင် စစ်ပွဲရပ်ဖို့ အသင့်ရှိဟု ပူတင် ပြော

0
176

လက်ရှိစစ်မြေပြင်လိုင်းတွေအတိုင်း အသိအမှတ်ပြုမယ်ဆိုပါက အပစ်ရပ်စေ့စပ်ညှိနှိုင်းမှုနဲ့အတူ ယူကရိန်းစစ်ပွဲကို ရပ်တန့်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဘက်က အသင့်ရှိနေတယ်လို့ ရုရှားသတင်းရင်းမြစ်လေးခုက ရိုက်တာကို ပြောဆိုကြောင်း သိရပါတယ်။ ကိဗ်နဲ့ အနောက်နိုင်ငံတွေက တုန့်ပြန်မှုမရှိဘူးဆိုရင်တော့ သူက ဆက်တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုခဲ့ပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေကို အဟန့်အတားဖြစ်စေတဲ့ အနောက်တိုင်းကျောထောက် နောက်ခံပြု ကြိုပမ်းချက်တွေ၊ ယူကရိန်းသမ္မတ ဗိုလိုဒီ ဇလန်းစကီးရဲ့ ဆွေးနွေးမှုတွေကို ပယ်ချတဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်ရကြောင်း သူ့အမြင်ကို အကြံပေးအုပ်စုငယ်တစ်ဖွဲ့အား ထုတ်ဖော်ခဲ့တယ်လို့သူ့နောက်လိုက်တွေနဲ့ ပူတင်ရဲ့ ဆွေးနွေးမှုအကြောင်းအရာတွေအပေါ် နီးစပ်သိရှိတဲ့ သတင်းရင်းမြစ် သုံးခုက ပြောဆိုခဲ့ပါတယ်။

“ပူတင်က အချိန်ကြာဆွဲ တိုက်ပွဲဝင်နိုင်သလို စစ်ပွဲရပ်ရေး အပစ်အခတ်ရပ်စဲမှုအတွက်လည်း အသင့်ရှိနေပါတယ်”လို့ သတင်းရင်းမြစ်လေးဦးအနက် နောက်တစ်ဦးက ပြောဆိုပါတယ်။ ၎င်းဟာ ပူတင်နဲ့ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး ကရင်မလင်ရှိ ထိပ်တန်းအဆင့် ဆွေးနွေးမှုတွေကို သိကျွမ်းမှုရှိတဲ့ ရုရှားအကြီးတန်းသတင်းရင်းမြစ်ဖြစ်တယ်လို့ သိရပါတယ်။ 

သူကလဲ အခြား သတင်းရင်းမြစ်တွေလိုပဲ အကြောင်းအရာရဲ့ ထိရှလွယ်အခြေအနေကြောင့် အမည်မဖော်လိုပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက နိုင်ငံရေးနဲ့ စီးပွားရေးလောကရှိ ပူတင်နဲ့ အလုပ်တွဲလုပ်သူ သို့မဟုတ် အလုပ်လုပ်ခဲ့တဲ့ အကြီးတန်းအဆင့် တာဝန်ရှိသူ စုစုပေါင်း ငါးဦးနဲ့ စကားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမှာ ပဉ္စမမြောက်သတင်းရင်းမြစ်ကတော့ လက်ရှိ စစ်မြေပြင်အနေအထားအတိုင်း စစ်ပွဲရပ်ရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

သောကြာနေ့က ဘီလာရုစ်မှာ ပြုလုပ်တဲ့ သတင်းစာကွန်ဖရင့်တစ်ခုမှာ ရိုက်တာသတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်စသင့်ပြီလို့ ပူတင်က ပြောဆိုသွားခဲ့ပါတယ်။

ဆွေးနွေးမှုတွေပြန်စကြစို့လို့ သူကပြောဆိုပြီး စေ့စပ်မှုတွေဟာ မြေပြင်ပေါ်က ပကတိအခြေအနေတွေအပေါ် အခြေခံရမှာဖြစ်ကြောင်း၊ စစ်ပွဲ ပထမသီတင်းပတ်များက သဘောတူညီချက်ရရှိရေး ယခင်က ကြိုးပမ်းခဲ့စဉ်အတွင်း သဘောတူညီချက်အစီအစဉ်အပေါ် အခြေခံရမှာဖြစ်ကြောင်းနဲ့ ဘက်တစ်ဖက်က လိုလားချက်အပေါ် အခြေခံလို့မရကြောင်း ပူတင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ ရုရှားခေါင်းဆောင်ဟာ သူ့ရဲ့ နောက်လိုက်တွေကတဆင့် စစ်ပွဲရပ်တန့်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အတုယောက်အချက်ပေးမှုလုပ်ကာ နောက်လ ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်မယ့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို လမ်းကြောင်းလွဲစေဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Ref: ET


LEAVE A REPLY

Please enter your comment!
Please enter your name here