ရုရှားနှင့် နေတိုးတို့ကြား အမုန်းပွားမှု တိုးမြင့်လာမှုကို တားဆီးခြင်းအားဖြင့် Taurus တာဝေးပစ်ဒုံးကျည်များ ယူကရိန်းသို့ ပို့မပေးနိုင်ကြောင်း ဂျာမန်အဓိပတိပြောကြား

0
139

ဂျာမနီအဓိပတိ Olaf Scholz က ယူကရိန်းအတွက် စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးမည်ဟု ကတိပြုထားသော်လည်း Taurus တာဝေးပစ်ဒုံးကျည်များကိုမူ မထောက်ပံ့ပေးနိုင်ကြောင်း ထပ်မံရှင်းပြခဲ့သည်။

“လိုအပ်နေသမျှကာလပတ်လုံး ထောက်ပံ့ပေးသွားမှာပါ” ဟု သူက ပြောသည်။ “ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုစီတိုင်းကို ကောင်းကောင်းချိန်ဆသင့်တယ်။ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ယူကရိန်းရဲ့ ခံစစ်တိုက်ပွဲကို ကျွန်တော်တို့ ထောက်ခံပါတယ်၊ ဒါပေမယ့် ရုရှားနဲ့ နေတိုးတို့ကြား အမုန်းပွားမှုတိုးမြင့်မလာပဲ စစ်ပွဲဖြစ်မလာအောင်တားဆီးဖို့လိုတယ်။ အခြေအနေတွေ ပိုမဆိုးစေချင်ပါဘူး။ အခြေအနေပိုဆိုးလာရင် ဥရောပနဲ့ ကမ္ဘာကြီးတစ်ခုလုံး ဘယ်လိုဖြစ်သွားမလဲဆိုတာကို အားလုံး စိတ်ကူးကြည့်နိုင်ပါတယ်”ဟု ဂျာမန်အဓိပတိကပြောသည်။

ယူကရိန်းအတွက် ဂျာမနီ၏ စစ်ရေးအကူအညီပေးမှုများသည် စုစုပေါင်းတန်ဖိုး ယူရို ၂၈ ဘီလီယံရှိနေပြီဖြစ်ကြောင်း သူက ပြန်ပြောပြသည်။ မကြာသေးမီကပင်လျှင် ယူကရိန်းအား နောက်ထပ် Patriot လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခု ထောက်ပံ့ပေးရန် ကတိပြုခဲ့သေးသည်ဟု Scholz က မှတ်ချက်ပြုသည်။

ယူကရိန်းသည် Taurus ဒုံးကျည်များ ထောက်ပံ့ပေးရန် ဂျာမနီကို တောင်းဆိုနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ အဆိုပါ ဒုံးကျည်များသည် ယူကရိန်းသို့ ပေးပို့ထားပြီးဖြစ်သည့် ဗြိတိသျှ Storm Shadow ဒုံးကျည်များနှင့် ဆင်တူသည်ဟု သူတို့က ယူဆသည်။ သို့သော် Taurus ၏ ထိရောက်မှု အကွာအဝေးသည် Storm Shadow ထက် ကီလိုမီတာ ၅၀၀ ပိုမိုခရီးရောက်သည်။ ဂျာမန်အဓိပတိ Olaf Scholz သည် Taurus ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် တောင်းဆိုမှုကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းဒုံးကျည်များအား ယူကရိန်းတို့ ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် ဂျာမန်စစ်တပ်က ပါဝင်ပတ်သက်ကူညီရန် လိုအပ်ပြီး ထိုအချက်သည် သူမဖြတ်ကျော်ချင်ဆုံးသော လမ်းကြောင်းဖြစ်သည်ဟု Olaf Scholz က အတိအကျဆိုသည်။

ယူကရိန်းအတွက် နောက်ထပ်အကူအညီပေးရေးအစီအစဉ်ကို အမေရိကန်က ဂျာမနီနိုင်ငံအားလည်း တာဝန်ခွဲဝေချထားရန် ဆုံးဖြတ်ပြီးနောက်တွင် ယခုကဲ့သို့ သူက ထပ်မံထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ Scholz သည် သူ့သဘောထားကို ပြောင်းလဲရန် အစီအစဉ်မရှိဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here