YBS ယာဉ်အစီးရေ အပြည့်အဝမထွက်နိုင်၍ ခရီးသည်များ ယာဉ်ရှားပါးမှုပြသနာရင်ဆိုင်နေရ

0
61

YBS ယာဉ်များ CNG ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် ယာဉ်အစီးရေအပြည့်အဝထွက်ရှိနိုင်ခြင်းမရှိဘဲ ခရီးသည်များ ယာဉ်ရှားပါးမှု ပြသနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် YBS ယာဥ်များ CNG တန်းစီချိန် ပိုမိုကြာမြင့်နေရခြင်းဖြစ်သည်။ 

” ရုံးချိန်ကိုတောင် အမီလိုက်စီးရတယ်။ ကားကလည်းရှားတယ်။ လာတယ့်ကားဆို တက်လို့တောင်မရဘူး။ မနည်းတွယ်စီးနေရတယ်။ အဆင်မပြေဘူး။ ရုံးတက်၊ရုံးဆင်းချိန်ပဲခရီးသည်ကများတာလေ။ ဒါလေးကိုတော့ အဆင်ပြေအောင်လုပ်ပေးစေချင်တယ်”ဟု YBS   စီးခရီးသည်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဥ်အစီးရေ ၃၅၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး လက်ရှိတွင် CNG ဂက်စ်မရရှိမှုကြောင့် ယာဥ်အစီးရေ ၂၈၀၀ ခန့်သာ ပြေးဆွဲနိုင်ကာ ယခင်ကာလထက် YBS ယာဥ်အစီးရေ ၇၀၀ ခန့် (ရာခိုင်နှုန်း ၂၀ ဝန်းကျင်) ပြေးဆွဲနိုင်မှု လျော့ကျသွားကြောင်း သိရသည်။

” ခရီးသည် ဦးရေက ပျှမ်းမျှ တစ်ရက်ကို (၁၄) သိန်းကျော် (၁၅) သိန်းနီးပါး ပုံမှန်စီးကြတယ်။ ရုံးတက်ရုံးဆင်းချိန်တွေကို ကျွန်တော်တို့ ဦးစားပေး အလျင်မီမီ ဆောင်ရွက်ပေးပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဘတ်စ်ဂိတ်မှာ ကားစောင့်ရတာ ကြာတာမျိုးတွေ ဖြစ်တာလည်းရှိပါတယ်။ တချို့ယာဥ်တွေ ရုံးဆင်း ဦးစားပေးလျာထားရတာတွေကြောင့်ပါ။ ယာဥ်တစ်စီး အရင်က အခေါက်ရေ (၅) ခေါက်ဆိုရင် (၃) ခေါက်။ ဒါမျိုး CNG ချွေလိုက်တာမျိုးပါ” ဟု YRTC မှတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

လက်ရှိအချိန်တွင် CNG ဂက်စ် ဖြည့်မည့် YBS ယာဥ်များကိုလည်း မည်သည့်မြို့နယ်ရှိ CNG ဆိုင်များတွင် ဂက်စ်ကုန်နေခြင်း၊ တန်းစီသည့်ယာဥ်အစီးရေများနေခြင်း စသည်တို့ကို YBS ယာဥ်မောင်းများသို့ အကြောင်းကြားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here