အမေရိကန်နှင့်ထိုင်ဝမ်ရေတပ်များ ဧပြီလက ပစိဖိတ်သမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှုတိတ်တဆိတ်ပြုလုပ်ခဲ့

0
152

တိုင်ပေ၊မေ ၁၄

တရုတ်နိုင်ငံ၏အန္တာရာယ်က တစ်စတစ်စမြင့်တက်လာနေချိန်၌ ထိုင်ဝမ်နှင့်အမေရိကန်ရေတပ်များသည် ပြီးခဲ့သည့်ဧပြီလက
ပစိဖိတ်သမုဒ္ဒရာတွင် မကြေငြာဘဲ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်လေးဦးထံမှသိရသည်။

ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ တရုတ်၏စစ်ရေးလေ့ကျင့်မှုများတိုးမြင့်လုပ်ဆောင်နေချိန်၌ အမေရိက နှင့်ထိုင်ဝမ်တို့ကလည်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဝါရှင်တန်နှင့်တိုင်ပေဆက်ဆံရေးကို တရုတ်နိုင်ငံက ကန့်ကွက်မှုများကြောင့် ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်လေ့ကျင့်ရေးများသည် ရံဖန်ရံခါ၌ တရားဝင်ကြေငြာခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ရခြင်းများလည်းရှိတတ်သည်။

တရုတ်နိုင်ငံကမူ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နိုင်ငံအဖြစ် အခိုင်အမာဆိုထားသော်လည်း ထိုင်ဝမ်ဘက်ကငြင်းဆိုထားသည်။

ဝါရှင်တန်နှင့်တိုင်ပေအကြား ပြီးခဲ့သည့်ဧပြီလကပြုလုပ်ခဲ့သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးကဆိုခဲ့သည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here