ဂါဇာပို့မည့် လူသားချင်းစာနာထောက်ထားမှုအကူညီယာဉ်တန်းကို ဆန္ဒပြသူ အစ္စ ရေး များပိတ်ဆို့

0
136

ဂျေရုဆလင်၊မေ ၁၄

အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရသည့် ဂါဇာကမ်းမြောင် ဒေသခံများအတွက် အကူအညီများကို အဆက်မပြတ်ပေးပို့သွားမည်ဟု နေတန်ယာဟုအစိုးရက ကတိပြုထားသော်လည်း ဆန္ဒပြ အစ္စ ရေး ပြည်သူများသည် မေလ ၁၃ ရက်နေ့က ဂါဇာသို့ပို့မည့် အကူညီပေးရေးယာဉ်တန်းကို ပိတ်ဆို့တားဆီးကာ ရိက္ခာထုပ်များကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဟေဘရွန်မြို့ရှိ တာခမ်မီယာ စစ်ဆေးရေးဂိတ်၌ ဆန္ဒပြသူလေးဦးကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ရှေ့နေများမှတစ်ဆင့်သိရသည်။

ဆိုရှယ်မီဒီယာ၌ မြင်တွေ့ရသည့် ဗီဒီယိုများတွင် ဆန္ဒထုတ်ဖော်သူများသည် ထရပ်ကားများပေါ်မှ အထောက်ပံ့ပစ္စည်းများကို ဆွဲချဖျက်ဆီးနေသည်ကိုလည်းတွေ့ရသည်။

“အစ္စရေးကပေးပို့နေတဲ့အကူအညီဟာ ဟားမတ်စ်လက်ထဲတိုက်ရိုက်ရောက်သလိုဖြစ်နေပါတယ်၊ဂါဇာကိုကူညီနေတဲ့အကူအညီတွေကြောင့် ဂါဇာအဆင်ပြေနေသရွေ့ ဟားမတ်စ်ကသူ့ထိန်းချုပ်မှုကိုလွှတ်ချမှာမဟုတ်ပါဘူး၊အဲ့လိုမလွှတ်ချဘဲ အပစ်ရပ်ဖို့လက်မခံသရွေ့ ဓါးစာခံတွေလဲလွတ်ဖို့မရှိသေးတာကြောင့်အခုလိုလုပ်တာပါ” ဟု ဆန္ဒပြအဖွဲ့ ကို ဦးဆောင်သူတစ်ဦးကပြောကြားခဲ့သည်။

နိုင်ငံတွင်းပြည်သူများက ယင်းသို့ဆန္ဒပြဆောင်ရွက်မှုများရှိနေသကဲ့သို့ အစ္စရေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဂါဇာသို့ အထောက်အကူပစ္စည်းများပိုမိုပေးပို့စေရန် ဖိအားများနှင့်လည်းရင်ဆိုင်နေရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here