မွမ်ဘိုင်း၌ ကြော်ငြာဆိုင်းဘုတ်ပြိုကျရာ ၁၂ ဦးသေ၊ ၆၀ ဦးဒဏ်ရာရ

0
267

မွမ်ဘိုင်း၊မေ ၁၄

အိန္ဒိယနိုင်ငံ၏စီးပွားရေးမြို့တော်
မွမ်ဘိုင်းမြို့၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်ပြိုကျပြီး လူ ၁၂ ဦးသေဆုံးကာ ၆၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြို့တော်အရှေ့ဘက်ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်အနား၌ ဆိုင်းဘုတ်ပြိုကျခဲ့သဖြင့် အောက်၌ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများကကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သကဲ့သို့ ဆိုင်းဘုတ်အပြိုအပျက်များကိုလည်း တူးဖော်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

ယင်းသို့လုပ်ဆောင်နေစဉ်အတွင်း ရုပ်အလောင်းရှစ်ခုကို ယူထုတ်နိုင်ခဲ့ပြီး ကျန်ရုပ်အလောင်းများမှာမူ အပျက်အစီးများအောက်၌ ပိတ်မိနေဆဲဖြစ်သည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အသက်ရှင်ကျန်ပြီး ဒဏ်ရာရရှိသူ ၆၀ ဦးကိုလည်း ကယ်ထုတ်နိုင်ပြီဖြစ်ကာ ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူထားစေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုပြိုကျခဲ့သည့် ကြော်ငြာဆိုင်းဘုတ်သည် မီတာ ၇၀x၅၀ အတိုင်းအတာရှိကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် တင်ထားသောပို့စ်တစ်ခုအရသိရသည်။

မွမ်ဘိုင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလည်းပြိုလဲခဲ့ပြီး လျှပ်စစ်မီးများယာယီပြတ်တောက်ခဲ့ကာ ယခုကဲ့သို့ကြော်ငြာဆိုင်းဘုတ်ပြိုကျခဲ့ရခြင်းဖြစ်သည်။ယခုဖြစ်စဉ်အတွက် အဆင့်မြင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here