၂၀၂၃ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၁၈.၀၃ ရာခိုင်နှုန်း တိုးတက်ခဲ့

0
35

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၂၀၂၂ ခုနှစ် ထက်၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်ဝင်ရောက်မှု ၁၈.၀၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ခရီးသွားအစည်းအဝေးတွင်ထည့်သွင်းပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို မေလ (၇) ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာဝန်ကြီးချုပ်ကထည့်သွင်းပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ နယ်မြေဒေသအချို့မှာ အခက်အခဲတွေရှိနေပေမယ့် မုံရွာ၊ စစ်ကိုင်းစတဲ့ ရနိုင်တဲ့ဒေသတွေမှာ အားထည့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်မှာပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်စုစုပေါင်း တစ်သိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ထက် ၁၈.၀၃ ရာခိုင်နှုန်း တိုးတက်ခဲ့တာ တွေ့ရပါတယ်”ဟုဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။

အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်သည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၃/၂၀၂၄ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍစနစ်တကျဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတို့၏လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်မှုအားတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁.၂၉ သန်းရရှိခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်ကထက် ၅ ဆနီးပါးတိုးတက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here