၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပမည်

0
288

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံဦးတည်ချက် (Main Theme) အတွက် အဆိုပြုခေါင်းစဉ်(၃)ခုကို ရွေးချယ်ပြီးဖြစ်ကြောင်း သိရသည်။

ပညာရေးညီလာခံနှင့် ပတ်သက်သည့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ(၇)ရက်၊ နံနက် (၁၀) နာရီက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပညာရေးညီလာခံ (၂၀၂၄) ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အစည်း အဝေးတွင် ညီလာခံ ဦးတည်ချက် (Main Theme) အတွက် အဆိုပြုခေါင်းစဉ် (၃)ခုကို ရွေးချယ်ခဲ့ပြီး “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး” ခေါင်းစဉ်ကို ရွေးချယ်အတည်ပြုပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာနအလိုက် ကဏ္ဍ (၆)ရပ်အတွက် စာတမ်းခေါင်းစဉ်နှင့်စာတမ်း အကျဉ်းချုပ်များကိုလည်း ရရှိပြီးဖြစ်ကြောင်း၊ ပေးပို့လာသည့် စာတမ်းခေါင်းစဉ်များအပေါ် ပြင်ဆင်ဖြည့်စွက်ကာ လိုအပ်သည်များကို ဆွေးနွေးပေးကြရန် ၊ တစ်နှစ်တာ ရေတိုရေရှည် ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ညီလာခံတွင်တင်ပြမည့် ပုံစံသတ်မှတ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ညီလာခံတွင် ပြခန်းအရွယ်အစားနှင့် အရေအတွက်၊ စာတမ်းခေါင်းစဉ် (၃၆) ခုနှင့် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော ပညာရေးညီလာခံ၏ ရှေ့လုပ်ငန်းစဥ်များ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံအား မေလ (၁၈)ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံသို့ စာတမ်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းအသီးသီးမှပါမောက္ခများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here