မြဝတီတွင် UID ကတ်အတွက် ကြိုတင်တုံကင်စနစ် ယာယီရပ်ဆိုင်း

0
65

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် UID ကတ်အတွက် ကြိုတင်တုံကင်စနစ် ဆောင်ရွက်ပေးမှုအား ယနေ့ မေ(၈)ရက်‌မှစတင်ကာ ယာယီဆိုင်းငံ့ လိုက်သည်ဟု မြို့နယ်လူဝင်မှု ကြီးကြပ်ရေးရုံးက အသိပေးထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းကဲ့သို့ ယာယီရပ်ဆိုင်းထားသည်ဆိုသော်လည်း ဒေသခံအသက် (၆၅)နှစ် အထက်နှင့် ကျန်းမာရေးမကောင်းသည့် လူနာများအတွက် သီးသန့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ကြိုတင် တုံကင်တင်ထားပြီးသူများစာရင်းအား ကြေညာထားပြီး အဆိုပါ ကြေညာထားသူများကိုသာ UID ကတ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြဝတီ တစ်မြို့လုံးနီးပါး UID လုပ်ဆောင်နေကြပြီး တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် အမြန်ရရှိရန် ကြားခံပွဲစားများက အခကြေးငွေရယူကာ လုပ်ဆောင်ပေးနေပြီး ယခင်ကျပ်ငွေ ငါးသောင်းတောင်းယူရာမှ ကျပ်ငွေရှစ်သောင်း မှ တစ်သိန်းကြားအထိ မြင့်တက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် UID စာရွက်လုပ်ဆောင်ပေးရာတွင် နိုင်ငံတော်သို့ အခကြေးငွေမပေးဆောင်ရသော်လည်း နေပူဒဏ်မခံနိုင်ခြင်း၊ တန်းစီစောင့်ဆိုင်းနေရခြင်းနှင့် အမြန်ရလိုခြင်းတို့ကြောင့် ပွဲစားများကြားခံကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခု မေလ(၁)ရက်မှစတင်၍ UID ကတ်ပါမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုမည်ဖြစ်သည့်အတွက် လုပ်ဆောင်သူ ရာနှင့်ချီ၍ ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here