ထိုင်းသံရုံးတွင် ဗီဇာလျှောက်ရာ၌ မသမာသည့် နည်းလမ်းများဖြင့် ရက်ချိန်းရယူမှုများရှိနေဟုဆို

0
100

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားကြရာ၌ လူအချို့သည် ပတ်(စ)ပို့ နံပါတ်အမျိုးမျိုးနှင့် နာမည်အတုများစွာကို သုံးကာ မသမာသည့်နည်းလမ်းများဖြင့် ရက်ချိန်းရယူမှုများရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

ယင်းရက်ချိန်းနေ့တွင် ရောက်ရှိမလာသည့် ကြိုတင်စာရင်းပေးသူများစွာ ရှိနေသည့်အတွက် မသမာသူများ ရက်ချိန်းနေရာ အမြောက်အမြားကို ရယူပြီး ရောင်းစားခြင်းမှ ကာကွယ်ရန် သံရုံးသည် မေလ (၇) ရက်မှစ၍ ရက်ချိန်းပယ် ဖျက်သည့် စနစ်ကို ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဗီဇာရက်ချိန်းအတွက် ကြိုတင်စာရင်းပေးနိုင်သည့် ရက်ကိုလည်း ယခင်ရက်(၃၀)အစား (၁၄)ရက်သို့ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် လျှောက်ထားသူများသည် ယခင်ရထားသည့် ရက်ချိန်းကို ပယ်ဖျက်ရန် မဖြစ်နိုင်သည့်အတွက် မိမိယူမည့်ရက်ကို ရက်ချိန်းမယူမီ သေသေချာချာစဉ်းစားဆုံးဖြတ်ရန်နှင့် ရက်ချိန်းအသစ်ကို ယခင်ရထားသည့် ရက်ချိန်းနေ့ကျော်လွန်သွားမှသာ အသစ်ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေလ (၇) ရက် မတိုင်မီက လျှောက်ထားသူများသည် ပယ်ဖျက်သည့်ကုဒ် (cancellation code) သို့မဟုတ် အတည်ပြုသည့် အီးမေးတွင် ပါဝင်သော ပယ်ဖျက်သည့်လင့် (cancellation link)ကို သုံး၍ ရက်ချိန်းကို ပယ်ဖျက်နိုင်ပြီး မေလ (၇) ရက် နောက်ပိုင်းမှ စာရင်းပေးသွင်းသူများသည် ပယ် ဖျက်သည့်ကုဒ် (cancellation code) နှင့် ပယ်ဖျက်သည့်လင့် (cancellation link) ပါ လက်ခံရရှိတော့မည် မဟုတ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here