ဇလန်းစကီးကို လုပ်ကြံရန်ကြံစည်မှုဖြင့် ယူကရိန်းအရာရှိနှစ်ဦးကိုဖမ်းဆီး

0
167

ကိဗ်၊မေ ၇

ယူကရိန်းတန်ပြန်ထောက်လှမ်းရေးစုံစမ်းရေးမှူးများသည် သမ္မတဇလန်းစကီးနှင့် အခြားသောစစ်ဘက်နှင့် နိုင်ငံရေးထိပ်တန်းပုဂ္ဂိုလ်များအားလုပ်ကြံရန် ရုရှား၏အကြံအစည်ကို ပျက်ပြယ်သွားရန်ပြုလုပ်နိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံလုံခြုံရေးဌာနကပြောကြားခဲ့သည်။

ယူကရိန်းထိပ်တန်းအရာရှိများအားအကာအကွယ်ပေးသည့် ယူကရိန်းနိုင်ငံတော်အစောင့်တပ်မှ ဗိုလ်မှူးကြီးနှစ်ဦးအား ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုဌာနမှ ရေးဆွဲထားသည့် အစီအစဉ်အားအ‌ကောင်အထည်ဖော်သည့်သံသယဖြင့်ဖမ်းဆီးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးခံရသည့် ဗိုလ်မှူးကြီးနှစ်ဦးသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ ရုရှား၏ လုံးလုံးလျားလျားကျူးကျော်မှုမတိုင်မီ စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုရှားသမ္မတပူတင်၏ ပဉ္စမမြောက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ လုပ်ကြံမှုအားပြုလုပ်ခဲ့ခြင်းဖြစ်လာနိုင်သည်ဟု နိုင်ငံလုံခြုံရေးဌာနအကြီးအကဲ Vasyl Maliuk ကပြောကြားခဲ့ပြီး အဆိုပါလုပ်ကြံမှုအားခြေရာခံရန် ထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေးကို ၎င်းကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

သမ္မတဇလန်းစကီးအားသတ်ရန် ကြိုးပမ်းမှုသည်အထူးအဆန်းမဟုတ်တော့ဘဲ ၂၀၂၂ ခုနှစ်ကမူလုပ်ကြံရန်ကြိုးပမ်းမှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး ယခု ရုရှားနှင့်စစ်ပွဲသည် တတိယနှစ်သို့ဝင်လာပြီဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ယခုလုပ်ကြံမှုမှ ယူကရိန်းဗိုလ်မှူးကြီးနှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်မှုသံသယဖြင့်ဖမ်းဆီးခဲ့ပြီး အဆိုပါပြစ်ဒဏ်သည် တစ်သက်တစ်ကျွန်းပြစ်ဒဏ်အထိချမှတ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here