ပြင်သစ်သည် ရုရှားနှင့် စစ်တိုက်နေခြင်းမဟုတ် ဟု ပြင်သစ်သမ္မတဆို

0
225

“ရုရှားမှာ အာဏာ အပြောင်းအလဲ လုပ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာ မဟုတ်ဘူး” ဟု ပြင်သစ် ခေါင်းဆောင်က ထောက်ပြသည်။

ပြင်သစ်သည် ရုရှားနှင့် စစ်ဖြစ်မနေ စစ်တိုက်နေခြင်းမဟုတ်ဟု ပြင်သစ်သမ္မတ အမ်မန်နျူယယ် မက်ခရွန်က တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ရုရှားနှင့်သော်လည်းကောင်း ရုရှားပြည်သူများနှင့် သော်လည်းကောင်း စစ်ဖြစ်နေတာ မဟုတ်ပါဘူး” ဟု ပြင်သစ်သမ္မတအိမ်တော်ဖြစ်သော Elysee Palace ၏ X(ယခင်က တွစ်တာ) အကောင့်တွင် သူက ရေးသားပြောကြားခဲ့သည်။ “ရုရှားမှာ အာဏာ အပြောင်းအလဲကို ကျွန်တော်တို့ မရှာပါဘူး”ဟုလည်း မက်ခရွန်က ရေးသားထားသည်။

 ပြင်သစ်သမ္မတ မက်ခရွန်သည် ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရမည်ဟုလည်း တနင်္ဂနွေနေ့က ပြောကြားခဲ့သေးသည်။

“ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ တံခါးဖွင့်ထားခြင်းအားဖြင့် ကျွန်တော်တို့ မှန်ကန်တဲ့အရာကို လုပ်ဆောင်နေတဲ့ သဘောကိုဆောင်ပါတယ်” ဟု မက်ခရွန်က ပြင်သစ်နိုင်ငံထုတ် La Tribune နေ့စဉ်သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီလိုမှမဟုတ်ရင် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေရယ်၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရယ်ကို ကျနော်တို့ စွန့်လွှတ်ရလိမ့်မယ်”ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခပြီးဆုံးပြီးနောက် ဥရောပနိုင်ငံများသည် ရုရှားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်သင့်သည်ဟုလည်း ပါရီမြို့ရှိ ဆော်ဘွန်း  တက္ကသိုလ်တွင် ဧပြီလနှောင်းပိုင်းဝယ် မက်ခရွန်က ပြောကြားခဲ့သေးသည်။

“ယူကရိန်းအကြောင်းပြောရင် ဒီနိုင်ငံဟာ ကျွန်တော်တို့နယ်နိမိတ်ကနေ ကီလိုမီတာ ၁၅၀၀ (၉၃၂ မိုင်ကျော်)လောက် အကွာမှာပဲ တည်ရှိနေတာကြောင့် ဥရောပနိုင်ငံတွေ ဘေးကင်းရေးက ပိုပြီးအရေးကြီးပါတယ်” ဟု သူက မှတ်ချက်ပြုခဲ့သည်။ “တကယ်လို့ ရုရှားသာ အနိုင်ရခဲ့ရင် ရိုမေးနီးယား၊ ပိုလန်၊ လစ်သူယေးနီးယား ဒါမှမဟုတ် ကျွန်တော်တို့ ပြင်သစ်နိုင်ငံအတွက် စက္ကန့်ပိုင်းအတွင်း လုံခြုံမှုကင်းမဲ့သွားပါလိမ့်မယ်”ဟုလည်း မက်ခရွန်ကပြောသည်။

“ရုရှားပဲ့ထိန်းဒုံးကျည်တွေရဲ့ စွမ်းအားနဲ့ ထိရောက်မှု အကွာအဝေးဟာ ကျွန်တော်တို့အားလုံးကို အန္တရာယ်ဖြစ်စေပါတယ်” ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့သည်။

သို့ရာတွင် အီးယူနိုင်ငံများအနေဖြင့် ယူကရိန်းအား လိုအပ်နေသရွေ့ ပံ့ပိုးပေးရန် အသင့်ရှိကြောင်းကိုလည်း မက်ခရွန်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here