MSME လုပ်ငန်းများ၏ (၇၀) ရာခိုင်နှုန်းသည် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ဟုဆို

0
222

ပြည်တွင်းရှိ MSME လုပ်ငန်းများ၏ (၇၀) ရာခိုင်နှုန်းသည် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

မေလ (၂) ရက်က ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများချမှတ်ဆောင်ရွက်နိုင်ရေး အလုပ် ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှသည် တည်ခင်းစားသုံးမှုအထိ အစားအသောက် ကွင်းဆက်တလျှောက် အစားအသောက် ဘေးကင်းရေးစံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အစားအသောက်ကွင်းဆက် တလျှောက်တွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ကဏ္ဍအလိုက် တာဝန်ယူလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် လူအများနေ့စဉ်စားသုံးသည့် အစားအသောက်များဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီးပြီး ဘေးအန္တရာယ်ရှိသော အစားအသောက်များကို စားသုံးမိခြင်းကြောင့် ချက်ချင်းလက်ငင်း ကျန်းမာရေးဆိုးကျိုးများရရှိနိုင်သကဲ့သို့ အချို့ကိစ္စရပ်များတွင် နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

တိုးတက်လာသည့် လူဦးရေ၊ ဖွံ့ဖြိုးလာသည့် နည်းပညာများကြောင့် ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များ လွန်စွာများပြားလာသည့် အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာအခက်အခဲရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့ကြောင့် အစားအသောက် စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တလျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here