သီတင်းပတ်ချီရှည်ကြာသည့် အပူလှိုင်းဒဏ်ကို တောင်နဲ့ အရှေ့တောင်အာရှနိုင်ငံများ ရင်ဆိုင်နေရ

0
164

တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ပြင်းထန်တဲ့ ကျန်းမာရေးအန္တရာယ်ကိုဖြစ်စေသော စံချိန်တင်အပူချိန်တွေပေါ်ပေါက်နေတဲ့ အပူလှိုင်းတစ်ခုကို သီတင်းပတ်နဲ့ချီပြီး ရင်ဆိုင်နေခဲ့ရပါတယ်။

စူးရှပူပြင်းတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့ရာ ထီးတွေဟာ လူသုံးများအသုံးအဆောင်ဖြစ်နေသလို လေအေးပေးစက်တွေဖွင့်ထားတဲ့ ဈေးဝယ်စင်တာတွေဟာ မြို့ပြရဲ့ အိုအေစစ်တွေဖြစ်လာပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ စာသင်ကျောင်းတွေဟာ အတန်းချိန်တွေကို လျှော့ချတာတွေလုပ်ခဲ့ပြီး ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတော့ ကျောင်းသားတွေကို နေအိမ်ကနေပဲ သူတို့ရဲ့ သင်ခန်းစာတွေကို အဝေးသင်ကြားမှုစနစ်နဲ့လုပ်ဆောင်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ကြပါတယ်။

ဧပြီလမှာ ပူပြင်းတဲ့ ရာသီဥတုဟာ သန်းနဲ့ချီတဲ့ က-လေ-းငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ က-လေ-းသူငယ်များရန်ပုံငွေအဖွဲ့က သတိပေးခဲ့ပြီး အုပ်ထိန်းသူတွေအနေနဲ့ အထူး သတိပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အပြင်ထွက် သွားလာလှုပ်ရှားမှုတွေ မလုပ်ကြဖို့နဲ့ ရေများများသောက်ကြဖို့လည်း UNICEF က အကြံပြုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ နှစ်ပေါင်း ၁၇၀ အတွင်း အပူပြင်းဆုံး အပူချိန်နဲ့ ရင်ဆိုင်နေရကာ အမြင့်ဆုံးအပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံရဲ့ ဒေသအချို့မှာ စံချိန်တင်အပူချိန်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။ ဧပြီလအတွင်း ကမ္ဘာတစ်ဝန်း အပူပြင်းဆုံးနေရာများစာရင်းမှာ မြန်မာနိုင်ငံက မြို့အများအပြားပါဝင်ခဲ့ကာ ယင်းကာလအတွင်း အမြင့်ဆုံးအပူချိန် ၄၈.၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိမှုကြုံခဲ့ရတယ်လို့ သိရပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပနေတဲ့ ကာလအတွင်း အိန္ဒိယရဲ့ အရှေ့ပိုင်း အစိတ်အပိုင်းတွေဟာ အပူလှိုင်းဖြတ်မှုကြောင့် စံချိန်တင်ပူပြင်းတဲ့ ဧပြီလကို ကြုံတွေ့ခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိဖြစ်ပေါ်မှုရှိခဲ့ပြီး အပူချိန်အညွှန်းကိန်းဟာ ၅၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်လို မြို့ပြအပူကျွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့ကြီးတွေဟာ အပူကို စုပ်ယူထိန်းသိုထားတဲ့ မြောက်များသောအဆောက်အအုံတွေနဲ့ ကွန်ကရစ်ထုထည်တွေကြောင့် ကျေးလက်ဝန်းကျင်တွေထက် အပူချိန်ပိုပြင်းလေ့ရှိပါတယ်။

ရာသီဥတုပြောင်းလဲမှုလို သဘာဝဖြစ်စဉ်တွေကို လေ့လာခဲ့သူဖြစ်တဲ့ စင်ကာပူနိုင်ငံ ကမ္ဘာမြေစုးစမ်းလေ့လာရေးဋ္ဌာန ဒါရိုက်တာ ဘင်ဂျမင် ဟာတန်က အပူလှိုင်းတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းသုံးခုရှိတယ်လို့ ဆိုပါတယ်။ ယင်းမှာ အယ်လ်နီညို-သဘာဝအတိုင်းဖြစ်ပေါ်တဲ့ ရာသီဥတုဖြစ်စဉ်၊ ကမ္ဘာ့အပူချိန်တိုးလာခြင်းနဲ့ လူသားတို့ ပယောဂကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေဟာ အပူလှိုင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။ 

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here