အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနှင့် အိန္ဒိယ ပူးပေါင်းမှုများ လုပ်သွားရန် ဆွေးနွေး

0
58

(၂၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (26th ASEAN-India Senior Officials’ Meeting)သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ပြီး မြန်မာနှင့် အိန္ဒိယ အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Sushma Swaraj Bhawan (SSB) တွင် မေလ (၃) ရက်၊ နံနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းဌာနမှ Secretary H.E. Shri Jaideep Mazumdar နှင့် အာဆီယံ – အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး၊ စင်ကာပူအဆင့်မြင့် အရာရှိကြီး H.E. Mr. Albert Chua တို့မှ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံမှ ၂၀၂၄ ခုနှစ် အာဆီယံ ဦးစားပေးအစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် အဆင့်မြင့်အရာရှိကြီးများမှ အာဆီယံ – အိန္ဒိယ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အားကောင်းလာစေရေး၊ ရေရှည်ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ပညာရေး၊ နည်းပညာနှင့် ခရီး သွားလုပ်ငန်း စသည့် ကဏ္ဍအသီးသီးတွင် အာဆီယံ – အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုအား အရှိန်အဟုန် မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများ ချမှတ်လုပ်ဆောင်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လက်ရှိ အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုအ ခြေအနေအား သုံးသပ်၍ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်မည့် ကဏ္ဍများအပေါ် အဆင့်မြင့်အရာရှိကြီးများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အထူးသဖြင့် အိန္ဒိယနိုင်ငံသည် ဒစ်ဂျစ်တယ် နည်းပညာဖွံ့ ဖြိုးမှုတွင် ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အလျောက် အာဆီယံနိုင်ငံများ၏ Digitalization၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဒစ်ဂျစ်တယ် ပေါင်းစည်း ဆက်သွယ်မှုတို့တွင် အိန္ဒိယအနေဖြင့် အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဆင့်မြင့် အရာရှိကြီးများက တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာသံအမတ်ကြီးက CLMV နိုင်ငံများအတွက် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (IAI) နှင့် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းရေး (NDG) တို့တွင် အိန္ဒိယ၏ ပံ့ပိုးမှုများအပါအဝင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယနှင့် အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံမှ အာဆီယံတူညီဆန္ဒ (၅)ချက် အ ကောင်အထည်ဖော်မှုအခြေအနေများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးမှ အိန္ဒိယအဆင့်မြင့်အရာရှိကြီး တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ပါဝင် တက်ရောက်ခဲ့ပြီး၊ ညနေ (၄)နာရီတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၌ ပြုလုပ်သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများက အိန္ဒိယပြည်ပရေးရာ ဝန်ကြီးအား ဂါရဝပြုတွေ့ဆုံပွဲသို့ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here