ရုရှားကဇလန်းစကီးကို အလိုရှိသူစာရင်းထဲထည့်သွင်းထား–တာစ့်

0
378

မော်စကို၊မေ ၅

ရုရှားက ယူကရိန်းသမ္မတဇလန်းစကီးကို ရာဇဝတ်မှုဖြင့်အမှုဖွင့်ထားပြီး အလိုရှိသူစာရင်းထဲထည့်သွင်းထားကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြထားသည်။

တာစ့်၏သတင်းဖော်ပြချက်ထဲ၌ ရုရှားပြည်ထဲရေးဝန်ကြီးဌာန၏ဒေတာဘေ့စ်တွင် ယူကရိန်းသမ္မတဇလန်းစကီးသည် အလိုရှိသူစာရင်းထဲ၌ ပါဝင်နေသည်ဟုဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

အဆိုပါသတင်းဖော်ပြမှုနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အလိုရှိသူ စာရင်းထဲ၌ ရှိနေသည်မှာ သမ္မတဇလန်းစကီးမဟုတ်ဘဲ နိုင်ငံတကာတရားရုံးကဖမ်းဝရမ်းထုတ်ပြန်ထားသည့် သမ္မတပူတင်သာဖြစ်ကြောင်းပြန်လည်တုန့်ပြန်ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနှင့် ၂၀၂၂ ခုနှစ်ကစတင်ပြဿနာဖြစ်ပြီးနောက် ယူကရိန်းနိုင်ငံသားအများစုနှင့် အခြားဥရောပနိုင်ငံရေးသမားအချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း အက်စတိုးနီးယားဝန်ကြီးချုုပ် ကာဂျာကာလက်စ်၊လစ်သူယေးနီးယားနိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးနှင့် ယခင်လတ်ဗီးယားပါလီမန်အဖွဲ့ဝင်များအား ဆိုဗီယက်ခေတ်အထိမ်းအမှတ်အဆောက်အအုံများကို ဖျက်ဆီးလိုသည့်သူများစာရင်းတွင်ထည့်သွင်းခဲ့ကြောင်းသိရသည်။

ယင်းနောက် သမ္မတပူတင်အား နိုင်ငံတကာရာဇဝတ်ခုံရုံး၌ စစ်ရာဇဝတ်မှုဆိုင်ရာ ဖမ်းဝရမ်းထုတ်ပြန်နိုင်ရန် ပြင်ဆင်ပေးခဲ့သည့် နိုင်ငံတကာရာဇဝတ်ခုံရုံးမှ အစိုးရရှေ့နေတစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သေးကြောင်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here