၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၉၀၀၀၀) ကျော်ဝင်ရောက်ခဲ့

0
100

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဦးရေ ၉၄,၉၅၁ ကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဧည့်သည် (၉၀၀၀၀)ကျော် ဝင်ရောက်မှုမှ ဝင်ငွေ ကျပ် ၇၁၉ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ရောက်ခဲ့သည့်အနက်

ပြည်တွင်း ခရီးသွားဝင်ရောက်သူ ဦးရေ (၉၄၂၉၅) ဦးရှိခဲ့ပြီး၊ ဝင်ငွေ ၆၇၀၄၄၀၀၀ ကျပ် (သိန်းပေါင်းခြောက်ရာခုနစ်ဆယ်လေးသောင်းလေးထောင်) ဝင်ငွေရရှိခဲ့ကာ ပြည်ပခရီးသွားဝင်ရောက်မှု (၆၅၆) ဦးမှ ၄၈၇၅၀၀၀ ကျပ်(လေးဆယ့်ရှစ်သိန်းခုနစ်သောင်းငါးထောင်) ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

“ပြည်ပဝင်ရောက်မှုကတော့ နည်းပါသေးတယ်။ နိုင်ငံခြားသားဝင်ရောက်မှုအနေနဲ့ မတ်လအတွင်းကဆိုရင် (၄၀) လောက် ရှိခဲ့တယ်။ ဖေဖော်ဝါရီလအတွင်းမှာ (၂၃) ယောက်လောက်ပဲရှိခဲ့တယ်။ ပြည်ပထက် ပြည်တွင်းခရီးသွားတွေ ပိုများတယ်” ဟု ပုဂံရှေးဟောင်း သုတေသနပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး(ပြတိုက်) ဒေါ်ခက်ခက်လှက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် (၁၀၀၀) ကျပ်နှုန်း သတ်မှတ်ထားကာ (၁၂) နှစ်အောက် က-လေ-းငယ်များနှင့် ကျောင်းထောက်ခံစာ ပါရှိပြီး လာရောက်လေ့လာသူ ကျောင်းသား/သူများနှင့် ရဟန်း၊ သံဃာများကို ဝင်ကြေး ကင်းလွတ်ခွင့်ပြုထားကြောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင်ဝင်ကြေး(၁၀၀၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသန ပြတိုက်သို့ ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု (၈၃ဝဝဝ) ကျော်ဝင်‌ရောက်ခဲ့သည့်အနက် နိုင်ငံခြားသား(၃၂၈)ဦးသာ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် ခရီးသွား ရာသီကာလအတွင်း ခရီးသွားများအနေ ဖြင့် ပုဂံ၊ အင်းလေး၊ ကလော၊ ချောင်းသာ၊ ‌ငွေဆောင် အစရှိသည့် နေရာဒေသများသို့ ခရီးသွားလည်ပတ်မှုများပြားခဲ့ပြီး လက်ရှိကာလ၌လည်း ရာသီဥတုအပူချိန်ကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အနည်းငယ်ကျဆင်းသွားသော်လည်း ခရီးသွားဝင်ရောက်မှု ဆက်လက် များပြားနေဆဲ ဖြစ်ကြောင်းလည်း ‌သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here